ဒဏ်ရာတွေကရေးတဲ့ကဗျာ


ငါကိုက
ကဗျာဆိုရင်ရူးတယ်
ရေးခဲ့ပြီးသား
ငါကကဗျာချည်တိုင်ရဲ့အစိမ်းသေကောင်
ငါ့ချည်တိုင်ငါကိုတိုင်ပဲစိုက်ခဲ့တယ်
ခါးတယ်တဲ့လား
ထွေးသာထုတ်လိုက်
စိတ်ဆန္ဒတွေမှာ
ဘာအကြောင်းနဲ့မှ
မျက်နှာနာစရာမရှိ
မှင်ကုန်စေရုံသက်သက်သာဆို
ငါ့သွေးတွေက
အလိုလိုပွက်ပွက်မနေဘူး
ကဗျာတစ်ပုဒ်လောက်တောင်
နင့်ကိုတန်ဖိုးမထားခဲ့ဘူးတဲ့
နင်ငါ့ကိုပြောတယ်
ကဗျာကိုတန်ဖိုးထားစိတ်နဲ့
နင့်ကိုမြတ်နိုးတဲ့စိတ်
ကျေးဇူးပြုပြီးမရောလိုက်နဲ့
ကဗျာကိုကဗျာအတိုင်းပဲ
ငါကိုးကွယ်တယ်
နင့်ကိုတကယ်မမြတ်နိုးခဲ့ဘူးလို့
နင်သေသေချာချာယုံကြည်ပြီဆို
နင့်လက်တွေအတွက်
ငါ့ ပါးကိုအပ်တယ်
စေလိုရာစေ
ကဗျာတွေကိုတော့
(ဘယ်တော့မှ)မသေစေဘူး
ငါကလက်တွေမရှိတော့ရင်
ပါးစပ် စိတ်ကူးတွေနဲ့ရေးမယ့်ကောင်
မျက်လုံးတွေမရှိတော့ရင်
နားတွေနဲ့ဖတ်မဲ့ကောင်
အေး…..
နားတွေပါမရှိတော့ရင်
ဖတ်လာ ရေးလာခဲ့သမျှ
နွားတစ်ကောင်လို
စားမြုံ့ပြန်ပြန်နေမဲ့ကောင်
ပြောပြစရာစကားလုံးတွေ
မရှိလောက်တဲ့အထိ
ကဗျာတွေကငါ့ကိုညှို့တယ်
နင့်ကိုချစ်တဲ့ငါနဲ့
အဲဒီကောင်ချစ်တဲ့ကဗျာတွေကို
နင်နားမလည်နိုင်တော့ရင်
ထားသာပစ်ခဲ့လိုက်
လွမ်းလို့သေခဲ့တဲ့မသာဆိုတာရှိခဲ့ရင်
သူ့လက်ထဲမှာ
နင့်ကိုလွမ်းရင်းရေးသွားတဲ့ကဗျာတစ်ပုဒ်ကို
နင်…….တွေ့………လိမ့်………အုံး………မယ်……………။။။

အိုင်လွယ်ပန်








6 comments:

Welcome said...

ကိုယ့်အပေါ် နားမလည်တဲ့သူ
ကိုယ့်ခံစားချက်အပေါ် နားလည်မပေးနိုင်တဲ့သူ အတွက် ကဗျာကောင်းလေးတစ်ပုဒ်ပါ။
ဆက်လက်ရေးသားနိုင်ပါစေ
http://winzaw-mdy.blogspot.com

Unknown said...

ဟုတ်တယ်ဗျ။ကဗျာက ရူးမိရင် မရတော့ဘူး။
စိတ်ကူးနဲ့တော့ အနည်းဆုံး ရေးမိတာပဲ။

လင်းဒီပ said...

အဲဒီလောက်တောင်ပဲလား ကိုအိုင်ရေ...
တော်ကြာ ခေါင်းလောင်းလေးက..စိတ်ဆိုးသွားဦးမယ်
:P

Moe Myint Tane said...

ခိုက်တယ်ဗျာ။ တစ်အားကြိုက်တယ်။ ဒီကဗျာမှာ မာန်အပြည့်ပါတယ်။ ကိုအိုင်လွယ်ပန်ရေ မရောက်တာကြာသွားလို့ ကဗျာကောင်းတွေ လက်လွတ်သွားမှာစိုးလို့ လာဖတ်တယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

mgngal said...

ကဗျာကို ရူးသွပ်မှုကတော့ အထွဋ်အထိပ် ပါပဲလား
ကိုအိုင်း ရေ ။ ဖတ်ရင်းနဲ့  ကိုပါ ရူးသွပ်သွားသလိုပဲ ။
အဆင်ပြေဘူးလားဗျ ။ ဟုတ်လောက်ပါဘူး ။ ဒီလောက်
အတွဲညီတဲ့ စုံတွဲပဲ ။ :D

လွမ်းလို့သေခဲ့တဲ့မသာဆိုတာရှိခဲ့ရင်
သူ့လက်ထဲမှာ
နင့်ကိုလွမ်းရင်းရေးသွားတဲ့ကဗျာတစ်ပုဒ်ကို
နင်…….တွေ့………လိမ့်………အုံး………မယ်……………။

ဂွတ်ထ ။ပြတ်သားတယ် ။ :)

thihanyein said...

ကြိုက်တယ်ဗျာ ကဗျာကို ပက်စက်တယ် အဲလိုစိတ်မျိုးတွေကိုလေးစားတယ်ဗျာ တကယ်ပဲရင်ထဲမှာ နင့်ခနဲပဲ ခံစားလိုက်ရတယ် ကိုအိုင်လွယ်ပန် တကယ်ကောင်းတယ်ဗျာ
လွမ်းလို့သေခဲ့တဲ့မသာဆိုတာရှိခဲ့ရင်
သူ့လက်ထဲမှာ
နင့်ကိုလွမ်းရင်းရေးသွားတဲ့ကဗျာတစ်ပုဒ်ကို
နင်…….တွေ့………လိမ့်………အုံး………မယ်……………။
ကြိုက်တယ်ဗျာ ကောင်းတယ်ဆိုတာကိုပဲထပ်ပြောချင်နေတော့တယ်