0 ဒီဂရီနေ့စွဲများနဲ့လူ

ကျွန်တော်တို့ရပ်ကွက်လေးထဲ တစ်ခါတုန်းက လမ်းဘေးမှာ တိုင်လေး လေးချောင်းစိုက် မိုးကာစလေးမိုးပြီး
အလယ်မှာပက်လက်ကုလားထိုင်လေးတစ်လုံးချ ဖြစ်သလိုနေထိုင်ခဲ့တဲ့ အဘွားကြီးတစ်ယောက်ရှိခဲ့ဖူးတယ် ....
စည်ပင်တွေကလည်း ဘာလို့မှန်းတော့ မသိဘူး နှစ်ပေါင်းအတော်ကြာ အဲသလို နေထိုင်ခဲ့တဲ့ အဘွားကြီးကို
ဖယ်ခိုင်းတာမျိုး ရှားခိုင်းတာမျိုးမတွေ့ရဘူး .....အဘွားကလည်း ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ ပုံမျိုးနဲ့ ရပ်ကွက်ထဲက
ပလတ်စတစ် ကော်ကျိုးကော်ပဲ့ ပုလင်းခွံ အစရှိတာလေးတွေ လိုက်ကောက်ရောင်းချပြီး နှစ်အတန်ကြာ
နေထိုင်သွားခဲ့တယ် .....ကျွန်တော်အံ့သြမိတာက အဲဒီအဘွားဟာ မလောက်မငဝင်ငွေလေးမစို့မပို့ကလွဲရင်
သူများကိုလက်ဖြန့်တောင်းခံတာမျိုး ကျွန်တော်တစ်ခါမှမတွေ့ခဲ့ဖူးဘူး ......
ပတ်ဝန်းကျင်ရဲ့ သူ့အပေါ် ရွံရှာမှုတွေကိုလည်း သူပန်းကန်အပဲ့လေးထဲထည့် မှုတ်မှုတ် သောက်သောက်နေတဲ့
လဘ္ဘက်ရည်တစ်ခွက်လောက် စိတ်ဝင်စားမှုမျိုးရှိတာမတွေ့ရဘူး ................
အဲ... ကျွန်တော့်စကားတွေရှည်ကုန်ပြီလားမသိ ....တိုတိုပြောရရင် အဲဒီ အဘွားနဲ့ ကျွန်တော်အိမ်ပြန်နောက်ကျ
ဖြစ်ခဲ့တဲ့တစ်ည သူနေတဲ့ လမ်းဘေးမှာ စကားထိုင်ပြောဖြစ်ခဲ့ကြတယ် ........အပြန်မှာ အောက်ကကဗျာကိုကျွန်တော်ရေးခဲ့တယ် .............
သေချာတာကတော့ လမ်းဘေးမှာ ဖြစ်သလို နေထိုင်နေတဲ့ အသက်ကြီးကြီး လူတွေတွေ့ရင် မြင်မိရင်
ကျွန်တော် ဒီအဘွားကိုသတိရမိတယ်ဗျာ.......
ကျွန်တော့်ဘလော့မှာ ၆.၂.၂၀၀၈ ကဒီကဗျာတင်ခဲ့ဖူးပါတယ် .......

0 ဒီဂရီ နေ့စွဲများနဲ့လူ

ပြောခဲ့ရတာတွေသိပ်များလာတော့
ကိုယ့်ပါးစပ်ကညှီနံ့တွေကို
ကိုယ်ကိုတိုင်ပြန်မုန်းလာ
ငါ့ဘဝရဲ့ရှင်သန်ခြင်းအရွယ်အစားသုံးခုထဲက
တတိယမြောက်ရှင်သန်ခြင်းဟာ
လက်သည်းရိုင်းရိုင်းတွေနဲ့
နှလုံးသားကိုလာလာကုတ်
အရေခွံလဲချိန်ရောက်ခါနီးမှ
အသက်ရှုဝဝလာတော့
င့ါပြက္ကဒိန်မှာ
တစ်နှစ်ပတ်လုံးရက်ရာဇာပျောက်ခဲ့ရ ...........................

ဘယ်ကံကြမ္မာဆီကမှ
မျှော်ကိုးမှုတွေနဲ့လက်မဖြန့်ခဲ့ပါဘူး
စုတ်တီးစုတ်ချာနဲ့ပဲ
ပြန်ပြန်ပြီးရသလောက် ဖာထေးခဲ့
ဒါတောင်သနားတတ်တဲ့မျက်ဝန်းတွေက
အရောင်မကျသေးဘူး ..................

ဥပေက္ခာဆိုတာဟာ
ငါ့ရဲ့အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လိုဖြစ်နေတော့
“ဇရာ” ဆိုတာသာ
ငါမလျှောက်ဘဲရောက်ခဲ့တဲ့
ငါ့ရဲ့တစ်ခုတည်းသောခရီးဖြစ်တယ် ...............

ငါဟာသူများကျန်ခဲ့လို့မဟုတ်ဘဲ
ကိုယ်ဖော်တဲ့ဆေးကိုယ်သောက်ရင်း
ဖြစ်ခဲ့ရတဲ့
ဇော်ကန့်လန့်တစ်ကောင်ပါ……………..။။။


အိုင်လွယ်ပန်

15 comments:

မောင်ခင်လေး said...

ကဗျာလေး ကတော့ခုမှဖတ်ဖူးတယ်ပေါ့နော :D
ဟောင်းပေမယ့်လည်း ကောင်းနေဆဲပေါ့နော
စကားလုံးတွေရဲ့ အတိမ်အနက်လေးတွေခံစားသွားတယ်ဗျာ
ကောင်းသောနေ့ :)

mgngal said...

ဇရာ ဆိုတာ ငါမလျှောက်ပဲ ရောက်ခဲ့တဲ့ ခရီးတခု ။ မှန်လိုက်တာ ကိုအိုင်ရာ ။ ကဗျာတွေ ဖတ်ရတာ အတွေးတွေပွားပွားသွားတယ် ။

လွမ်းလုင် said...

ရက်ရာဇာပျောက်တဲ့ ပြက္ခဒိန်... သနားတတ်တဲ့မျက်ဝန်းတွေ အရောင်မကျသေးဘူး... အရှင်းသားပဲ ကိုယ့်လူ... အခုမှတ်ဖတ်ဖူးတယ်...။ ဒါပေမယ့် ရင်ထဲရောက်တယ်...။ :)

MANORHARY said...

အဲလိုအဘွားတစ်ယောက်ကိုတွေ့ခဲ့ဖူးတယ်။
မြောက်ဥက္ကလာဂုံးတံတားကြီးအောက်မှာ အကာမရှိ
ခြုံစောင်မရှိနဲ့.တစ်နေ့အေးလွန်းလို့မွေ့ယာအဟောင်း
လေးနဲ့စောင်လေးရယ်ခေါင်းအုံးလေးရယ်သွားပေးတယ်
တစ်ခါမှမသိမမြင်ဖူးတဲ့အကြည့်နဲ့ဒီတိုင်းသာကြည့်နေ
တော့တာပဲ..နောက်နေ့တွေကြည့်တော့..ဒီပစ္စည်းတွေ
ကဒီတိုင်း သူ့ဘေးမှာပုံလျက်သား။စက်ဘီးတစ်စီးနဲ့သူ့ကို
စားစရာလာလာကျွေးတတ်တဲ့ဦးထုတ်နဲ့လူတစ်ယောက်
လည်းရှိတယ်။ကိုယ်ကမနက်တိုင်းသားကိုကျောင်းပို့ရင်း
အဘွားကိုလှမ်းကြည့်နေကျ။တော်တော်ကြာသွားးတဲ့
ကျောင်းပိတ်ရက်တစ်ခုအပြီးမှာ...အဲဒီအဘွားကို
မတွေ့ရတော့ဘူး သူ့ပစ္စည်းတွေရောပဲ..စက်ဘီးလေး
နဲ့လူကိုတော့အဲဒီမနက်က အဲဒီနားမှာတွေ့လိုက်ရတယ်
အိမ်ကကားသမားလေးကပြောတယ်။ ညကပဲသယ်
သွားကြပြီ..ရာသီဥတုကလည်းသိပ်အေးတာကိုး
ညဆိုအေး နေ့ဆိုပူနဲ့..နောက်မှကျွန်မတွေးမိတာက
သူလည်း ကြာကြာနေချင်တော့ပုံမရလို့ အအေးဒါဏ်
လည်းကာကွယ်မနေတော့ပါဘူးဆိုပြီး..ဒီတိုင်းနေသွား
တာဖြစ်နိုင်တယ်လို့..စိတ်ထဲမှာတစ်ခုခုခံစားလိုက်ရ
ပေမယ့်ဒီနေ့ထိ ဘာစာလုံးမှဖြစ်မလာခဲ့သေးဘူး..
ခုဒီကဗျာကိုတွေ့တော့ အားလုံးကိုပြန်မြင်လာတယ်။

လင်းထက် said...

“ဇရာ” ဆိုတာသာ
ငါမလျှောက်ဘဲရောက်ခဲ့တဲ့
ငါ့ရဲ့တစ်ခုတည်းသောခရီးဖြစ်တယ် .....

ကြိုက်တယ် ညီရေ ဒီအပိုဒ်လေးကတော့ ကိုယ့်ကို ကိုယ် အတွေးတွေ ပွားသွားတယ် ..။

ဆောင်းယွန်းလ said...

ပြောခဲ့ရတာတွေသိပ်များလာတော့
ကိုယ့်ပါးစပ်ကညှီနံ့တွေကို
ကိုယ်ကိုတိုင်ပြန်မုန်းလာ...ဆိုတဲ့ပါဒတေလးကို ဖတ်ပြီး အကိုလည်း အဲဒီလိုဖြစ်နေပြီလားလို့ အတွေးတွေပွားနေမိတော့တယ်....
ကဗျာကောင်းတစ်ပုဒ်ဆိုတာထက် ပိုပြီးကောင်းတဲ့ ကဗျာတစ်ပုဒ်ပါညီလေးရေ...

မောင်မျိုး said...

ဒီကဗျာဖတ်ပြီး အိုရမှာတောင်ကြောက်လာတယ်ဗျာ ။

စိုင်းလောဝ်ပိန်း said...

ဘ၀အမျိုးမျိုးမှာ ဒုက္ခအမျိုးမျိုး မဟုတ်လားဗျာ...

ကိုယ်ဖော်တဲ့ဆေးကိုယ်သောက်ရင်း
ဖြစ်ခဲ့ရတဲ့
ဇော်ကန့်လန့်တစ်ကောင်ပါ……………..။။။

စာသားက ကျနော့်ကို ရှတယ်ဗျ ... :D

အမရာ said...

အဲဒီကဗျာအရင်ကတည်းက
ကြိုက်ခဲ့တယ်.......

လင်းဒီပ said...

ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ရှင်သန်ကြတာပဲလေ...

“ဇရာ” ဆိုတာသာ
ငါမလျှောက်ဘဲရောက်ခဲ့တဲ့
ငါ့ရဲ့တစ်ခုတည်းသောခရီးဖြစ်တယ်

အဲဒီစာလေးကောင်းလိုက်တာ..

သဇင်ဏီ said...

ခံစားချက်တွေကို ကဗျာက ထိထိမိမိပြောပြနေသလိုပဲ..
နင့်ကဗျာကောင်းတယ်ဟ

အိန္ဒြာ said...

အိုင်လွယ်ရေ...

ရင်ထဲမှာ နာ သွားရပါတယ်..။
ဒီလိုမျိုးတွေဆို...ရင်ထဲမှာနင့်နေအောင်နာကျဉ်ကြေကွဲ
လွန်းတတ်တော့..။
ကဗျာက တစ်မျိုး၊သကားပြေကတစ်မျိုးရသနှစ်မျိုးရလိုက်ပါတယ်.။
နောက်..စကားပြေအရေးလဲကောင်းကြောင်းရေးထားတဲ့
စာတိုတိုလေးကပြနေတယ်..
စကားပြေတွေ ပြန်၇ှာဖတ်မယ်ဖတ်မယ်နဲ့ မဖတ်ဖြစ်သေးဘူး
အိုင်လွယ်ပန်က စကားပြေလဲကောင်းတယ်လို့ ညွှန်းကြတယ်လေ..

ဖြိုးငယ် said...

လေးစားပါတယ်ဗျာ .. ရသမြောက်အောင်လည်း ရေးနိုင်ပါတယ် .. ပေါ်လွင်အောင်လည်း ရေးနိုင်ပါပေတယ် ..

ပိုင်ဖြိုးကို said...

နောက်ဆုံးပိုဒ် လေးကိုသဘောအကျဆုံးဘဲကွာ ....
ကိုယ့်ကိုယ်ကို ဇော်ကန့်လန့်လို့ ခံစားမိလာတယ်.....

mgnge said...

ကောင်း တယ်ဗျာ...။
ဒီထက်လည်း မပြောတတ်ဘူး...။
ကောင်း တယ် .. တကယ်ကောင်းတယ် ..။