မိုးရွာထဲမှာနေသားကျသွားတဲ့မိုးစက်တွေ

အပိုင်း(၁)

ပတ်ဝန်းကျင်တစ်ခွင်လုံးတစ်ခဏတာတိတ်ဆိတ်သွားသည် …………
“ရွှီ” …………..
ခရာသံထွက်လာသည် …… တစ်ဖက်ဘောလုံးအသင်းမှ အသင်းခေါင်းဆောင်၏ ပြစ်ဒဏ်ဘောကန်ချက်
ဦးတည်ရာက သူတွက်ဆထားသည့်ထောင့်သို့ ……….
ဟာ …………
တစ်ကိုယ်လုံး တစ်ဖက်ထောင့်သို့ယူရန်ချိန်ပြီး ကာမှ မထင်မှတ်သောအခြေအနေ ………..
တံတိုင်းသဖွယ်ကာထားသော သူ့အသင်းသားများထဲမှ တစ်ယောက်နှင့်ထိကာ လမ်းကြောင်းပြောင်း
လည်ထွက်လာသော ဘောလုံး ………..
သူ့တစ်ကိုယ်လုံး ဟန်ချက်ပျက်နေသော အနေအထားမှ တစ်ဖက်သို့ အားယူကာ သူ့ တစ်ကိုယ်လုံး
ဆန့်တန်းလိုက်သည် ……..လေပေါ်မှာ သူ့လက်များကို ရှည်သည်ထက်ရှည်အောင် ………
“ဖျောက်”
လက်ညှိုး ထိပ်နှင့်ဘောလုံးထိသောအသံ အရိုးကျိုးသံ သဲ့သဲ့ သူပြန်ကြားလိုက်ရသည် …….
သူတွေဝေမနေအား ………..ချက်ခြင်းအားယူကာ ပြန်လှည့်ထ ဂိုးရှိရာကြည့်လိုက်သည် နှင့်
သူ့လက်ညှိုးထိပ်နှင့်ထိ ပြီးမှတိုင်နှင့် ထိကာ ပြန်ထွက်လာသော ဘောလုံးက သူ့လက်တစ်ကမ်း ထို့အတူ
တစ်ဖက်အသင်း ရှေ့တန်းကစားသမားရဲ့ ခြေထောက်တစ်ကမ်း ……..သူနှင့် တစ်ဖက်အသင်းရှေ့တန်း
ကစားသမား ပြိုင်တူလိုလိုလှုပ်ရှားဖြစ်သည် ……….အဆုံးသတ်မှာ သူ စက္ကန့်ဝက်လောက်ပိုဦးသည် ….
ဘောလုံးကို သူ့တစ်ကိုယ်လုံးနှင့် သိမ်းထုပ်ပြီးချိန် တစ်ဖက်အသင်းရှေ့တန်းကစားသမား၏ ခြေထောက်က
သူ့ ဇက်ပိုးမှာ ……လောကတခုလုံး အမှောင်တိ ………………………….။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၂)

ရေခဲတုန်းလေးများထည့်ထားသော အရက်ဖန်ခွက်ပြင်ပနံရံ တွင် ရေစက်လေးများသီးထနေသည် ….
“ ပြီးတော့ရောကွာ ” ….ကျော်စွာက သီဟအားလှမ်းမေးလိုက်သည် …..
“ပြီးတော့ ပြီးသွားတယ်လေ ” …………….သီဟက ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်လင့်ကစား သူ့မျက်နှာမှာ
လေးနက်နေသည် …………..“မင်းဟာကလည်းကွာ ” ….ကျော်စွာ၏ မချင့်မရဲလေသံ …………
“အေးလေကွာ မင်းဟာက မဟုတ်သေးပါဘူး ” ….တစ်ချိန်လုံးငြိမ်နေသော ရဲမင်း ကပါ ဝင်ပြောလာသည်…
“ဟင်း”
သီဟ သက်ပြင်းကိုမျှင်းမျှင်းချလိုက်သည် ….ပြီးမှ နှုတ်ခမ်းတစ်ချက် သပ်ကာ စကားဆက်သည် ….
“အဆုံးသတ်တော့ကွာ …အဲဒီနေ့က ငါ ပြန်သတိရလာတော့ ဆေးရုံမှာ …. ငါ့ လက်ညှိုးကျိုးသွားတယ်
ငါ့တစ်ကိုယ်လုံး ထုထောင်းခံထားရသလို မလှုပ်နိုင်ဘူး ……... ဆိုးတာက သွယ်နဲ့ ချိန်းထားတဲ့ အချိန်
ထက် ငါးနာရီ နောက်ကျပြီးမှ ငါသတိရတာပဲ …. အဲ .. ပိုဆိုးတာက အဲဒီနေ့ကလည်း သွယ် ချိန်းထားတာ
မသွားနိုင်ခဲ့ဘူး ….သွယ်ကတော့ ထုံးစံအတိုင်း ငါတို့အသင်းရဲ့အဲဒီနေ့က အောင်ပွဲ ခံတဲ့
အသံကြားတယ်တဲ့ ….. ငါ့ကိုလည်း အောင်ပွဲအခံလွန်နေလို့ မလာနိုင်တာ မှတ်ပြီး စိတ်နာသွားတယ် …..
လုပ်ပေါင်းကလည်း များပြီလေ …….. အဲဒီနေ့က သူပြောမယ့် အရေးကြီးတဲ့ စကားဆိုတာကတော့
ရုပ်ရှင်ထဲတွေကအတိုင်းပဲကွာ …. မင်းတို့လည်းမှန်းလို့ရမှာပါ ….ငါ ပြန်ရှင်းပြဖို့ အကြိမ်ကြိမ် ကြိုးစားတယ်
သူဘယ်လိုမှ အတွေ့မခံဘူး …ငါနဲ့ပတ်သတ်တဲ့ သတင်းတွေကို သူနားမထောင်တော့ဘူး ….
ပြီးတော့ ငါ့ဆီ မင်္ဂလာဆောင်ဖိတ်စာ တစ်ဆောင်ရောက်လာတယ် ….ဖိတ်စာကိုလဲ ငါတွေ့ရော
ငါ့စိတ်တွေ ငါ့ဆန္ဒတွေ ငါသုတ်သင်လိုက်တယ် …………ငါ မီးတွေမှိတ်ပစ်လိုက်တယ်ကွာ …..
သူမင်္ဂလာဆောင်ပြီးတော့ သူ့ယောက်ျားရှိရာ နယ်ကိုလိုက်သွားတယ် ……………
ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်း တစ်ပုဒ်ပါပဲ ” …
သီဟ သူ့စကားကို အဆုံးသတ်လိုက်ကာ အရက်တစ်ခွက်ကောက်မော့ လိုက်သည် …….
“ပြီးတော့ ကော ….မင်း ဘာတွေဆက်လုပ်ဖြစ်လဲ ” ရဲမင်းကလှမ်းမေးလိုက်သည် ….
“ငါ့ ဒဏ်ရာပြန်ကောင်းသွားတော့ အဲဒီအသင်းမှာ ငါဆက်ကစားတယ် ….ပြီးတော့ နိုင်ငံအသင်း ” …
“အဲဒါ ငါတို့သိတယ်ကွ …. ကြားထဲမှာ မင်းပျောက်သွားတဲ့ လေးနှစ်ကိုမေးနေတာ
အရင်နှစ်က မင်းပြန်လာပြီး အမွေတွေလက်ခံတာအထိ သိတယ် မင်းပြန်ရောက်ကတည်းက မေးနေတဲ့
မေးခွန်း …မင်းအခုအထိမဖြေတဲ့မေးခွန်းကိုမေးနေတာ ”…………..
ရဲမင်းရဲ့ စကားအဆုံးမှာ သီဟပြန်ဖြေသည် ……………….
“ အိုကေကွာ …ငါအခုဖြေမယ် …………ဒီလေးနှစ်မှာ
အရှေ့တောင်အာရှထဲကပဲ နိုင်ငံတစ်နိုင်ငံမှာ ဆက်ပြီးအတွေ့အကြုံအနေနဲ့
သူတို့ကမ်းလှမ်းချက်ကို လက်ခံပြီး သွားကစားတယ် ……..
ငါ့ရင်ထဲက အနာ ငါပြန်ညာချင်လို့ ….သတင်း ကိုငါကိုယ်တိုင်ပဲ အမှောင်ချလိုက်တာ ………..
အဲဒီမှာပဲ ငါတစ်သက်လုံးဘောလုးံမကစားနိုင်တော့လောက်တဲ့ ဒဏ်ရာထပ် ရတယ် ……
အဲဒီနိုင်ငံမှာပဲ အနားယူနေရ တယ် ….ဒီပြန်မလာချင်သေးတာကလဲ တစ်ကြောင်းပေါ့ ….
ဒီအတောအတွင်းမှာပဲ ငါနဲ့ အတော်ကြာအဆက်အသွယ်ပြတ်သလိုဖြစ်နေတဲ့
ငါ့မိဘလက်ကျန် ငါ့အမွေတွေကိုထိန်းသိမ်းပေးထားတဲ့ နယ်က ဦိးလေးဆုံးတော့ ပြန်လာပြီး
မိဘအမွေအနှစ်လုပ်ငန်းတွေကို ဆက်ခံရတယ် …အားလုံးလည်ပတ်နေပြီးသားဆိုတော့ ဘာမှသိပ်မလိုပါဘူးကွာ ............ ရှေ့နေနဲ့တွေ့ လက်မှတ်ထိုး ပြီးတော့
ဦးစီးလက်စဖြစ်တဲ့ ငါ့ဦးလေးရဲ့တစ်ဦးထဲသောသား ငါ့ညီဝမ်းကွဲကိုပဲဦးစီးခိုင်းထားတယ် ………….
ဝါသနာအနေနဲ့ကတော့ ပုဂ္ဂလိက ဘောလုံးတစ်သင်းထောင်ထားတယ် …..အဖွဲ့ချုပ်မှာမှတ်ပုံတင် …
ခြေစစ်ပွဲတွေ ဝင်စေပြီး ကစားခိုင်းထားတာ ….အခုအထိုက်အလျှောက်တော့ အောင်မြင်နေပါပြီ ……
ဒါကတော့ မင်းတို့သိပြီးသားနောက်ဆက်တွဲတွေပါ ”………..
သီဟ ပြောအပြီးမှာ ကျော်စွာက လှမ်းမေးလိုက်ပြန်သည် ………..
“သွယ်နဲ့ကောတွေ့ ဖြစ်သေးလား” ……….. သီဟ ပြုံးလိုက်သည် ….. နာကျင်ခြင်းတို့ စွန်းထင်းလျှက် ….
ရဲမင်းကဖြတ်ပြောလိုက်ပြန်သည် ………“မင်းကိုကမဟုတ်တာ ငါ့ကောင် …………မင်းအရင်ကတည်းက
မင်းဟာ မိဘ အမွေအနှစ်တွေ အားလုံး ဆက်ခံရမယ့် တစ်ဦးထဲသောသားဖြစ်တယ် ….
နယ်ကနေ ဦးလေးကိုအဆက်အသွယ်ဖြတ်ပြီး မင်းဝါသနာပါတဲ့ ဘောလုံးကိုဒီမှာလာကစားတယ် …
အဲသလို သွယ့်ကိုကော သွယ့်မိဘတွေကိုကော အသိပေးခဲ့ရင် အခုလိုမလိုလားအပ်တဲ့ ပြဿနာတွေ
ဖြစ်မလာဘူး ……. သွယ့်မိဘတွေကလည်း မင်းနဲ့ သဘောမတူစရာအကြောင်းမရှိဘူးပေါ့” ………….
သီဟမျက်လုံးများ အရောင်ဖျတ်ကနဲတောက်သွားသည် ……….“ငါ သွယ့်ကို ဖြူဖြူစင်စင်ချစ်တာကွ ”…
“အေးလေ ငါတို့သိတယ်လေ……အဲဒါကြောင့်ပဲပြောနေတာပေါ့ကွ” …………..
ကျော်စွာ့အသံမှာ စိတ်မရှည်သံပါနေသည် ………..“ငါမဖန်တီးပဲနဲ့ အလိုလိုရလာမယ့် အရာတွေနဲ့
သွယ့်ကိုသိမ်းသွင်းသလို မဖြစ်စေချင်ဘူး ….. ငါ ဘောလုံးထဲမှာ ဘဝကိုမြှုပ်ထားတယ်ကွာ …
သွယ်ငါ့ကိုစချစ်ခဲ့တုန်းကတည်းက ဘောလုံးသမားတစ်ယောက်အနေနဲ့ ချစ်ခဲ့တယ် ….
သူတကယ်တမ်း ယုံကြည်တယ် ချစ်တယ်ဆို ဘယ်လိုအခြေအနေမျိုးနဲ့ဖြစ်ဖြစ် ချစ်နေနိုင်ရမယ်ကွ …
စိတ်နာတယ်ဆိုရင်တောင် စိတ်နာတာကသတ်သတ် ချစ်နေတာကသတ်သတ် ဖြစ်နေရမယ်……….
ငါ့ခံယူချက် သတ်မှတ်ချက်ဟာ အရာအားလုံးနဲ့ဆန့်ကျင်နေတယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုကို
ငါကျေနပ်နေမယ် ……ငါ့ကိုယ်ငါလိမ်ညာဖြစ်ခဲ့ရင်တောင် ငါ့လိမ်ညာမှုဒဏ်ဟာ ငါ့ကိုယ်ထဲမှာပဲ
တည်နေလိမ့်မယ်ကွာ ………ဘယ်ဂယက် ဘယ်လှိုင်းမှ ပတ်ဝန်းကျင်ကိုမရိုက်ခတ်စေရဘူး” ……….
သီဟအသံက ပကတိ တည်ငြိမ်စွာ ………………..
“မင်းသွယ့်ကိုစိတ်နာနေတာလား” …………………
ကျော်စွာ့၏ထပ်ဆင့်မေးခွန်း ……………….
“ငါ သွယ့်ကိုမှမဟုတ်ဘူး သွယ့်အသိုင်းအဝန်း သွယ့်ပတ်ဝန်းကျင် နောက်ဆုံးငါ့ကိုယ်ငါကအစ
ကံကြမ္မာအဆုံးကွာ ဘာကိုမှစိတ်မနာဘူး ဖြစ်သင့်လို့ဖြစ်သွားတာလို့ပဲ ယူဆထားတယ်
ဒါပေမယ့်လူပဲကွာ ယိုင်တတ်တယ် နဲ့တတ်တယ် လဲကျတဲ့ဒဏ်ရာပြင်းရင်ပြန်ထဖို့ အချိန်ယူရတယ်
ဒီတော့ ချစ်စရာရှိ လွမ်းစရာရှိလွမ်း လဲကျစရာရှိလဲကျ ထစရာရှိပြန်ထပေါ့ ဒါပေမယ့် ဘဝဆိုတာ
ငါသိသလောက်ကတော့ အကြာကြီးလဲနေစရာလဲမလိုဘူး အကြာကြီးပြန်ထနေစရာလဲမလိုဘူး
အေး…. အကြာကြီးရပ်တည်နေစရာလဲမလိုဘူးကွာ ဖြစ်ချင်တာကိုဖန်တီး ဖြစ်လာတဲ့အကျိုးဆက်ကို
ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလိုခံ ဒါပဲပေါ့ကွာ .......
တကယ်တော့ အားလုံးဟာ နောက်ဆုံးတော့ နေသားကျသွားတာပါပဲ သူ့အံနဲ့သူပေါ့ ”….
သီဟ၏စကားများအား ကျော်စွာ နှင့် ရဲမင်း ငြိမ်သက်စွာနားထောင်နေမိသည် ……..
အတန်ကြာမှ ကျော်စွာက စကားစသည် …………
“မင်းမနက်ဖြန်ပြန်မှာလား သီဟ ”
“အေး အသင်းကိစ္စတွေလုပ်ရဦးမယ်ကွ ငါ့ရှေ့နေ ကိုလည်း ရန်ကုန်လာဖို့ ချိန်းထားတယ် ”
“နေပါဦးသီဟရာ မင်းက ဆွေမျိုးဆိုလို့ နှစ်ယောက်ပဲကျန်တော့တဲ့ ညီ နဲ့ အန်တီ ကိုတောင်
သွား မတွေ့ပဲဘာလို့ ရှေ့နေနဲ့ ချိန်း နေရတာလဲ ”………
သီဟ က လက်ကျန်ဖန်ခွက်ကို အပြတ်မရှင်းသေးပဲ လှည့်ပတ်ကြည့်နေသည် … ပြီးမှ
“ဒါကတော့ ငါ့အကြောင်းနဲ့ ငါပါကွာ ဒါကိုတော့ ငါပြောမပြချင်ဘူး …နောက်တစ်ခုက
ငါ အစောကြီးထဲကဆုံးဖြတ်ပြီးသားကွ စီးပွားရေးကိစ္စတွေ ကို ငါဝါသနာပါတဲ့ ကိစ္စတွေလောက်
စိတ်မဝင်စားဘူး ဒီတော့ ငါ့အမွေတွေလက်ခံတဲ့နေ့မှာတောင် ရှေ့နေတစ်ယောက်ထဲကိုပဲ အတွေ့ခံ
အဲဒီနေ့မှာပဲ ငါ့လုပ်ပိုင်ခွင့်အားလုံးကို ငါ့ညီကိုလွှဲပေးဖို့ လက်မှတ်ထိုး အဲဒီရှေု့နေကို ပေးလိုက်တယ်
ငါ့ညီက လက်မခံပဲ တွေ့ဖို့ကြိုးစားတယ်ကွာ ငါ ကိုက ဖုန်းနဲ့ ဖျောင်းဖျ ပြောဆိုထားရတာ အရာအားလုံး
ဟာမပြီးခင်ပဲ အသက်ဝင်တာကွ နောက်တော့ ပြီးသွားတယ် ပြီးတော့ အသစ်ပြန်စ အသက်ဝင်လာ
ပြန်တယ် ဒီလိုပါပဲကွာ ” …….
ထိုစဉ် ရဲမင်းကဖြတ်ပြောလိုက်သည် ……….
“အေးကွ ဟုတ်တယ် ဒီလိုပဲ ဒီတော့ သောက်စရာရှိသောက်မယ် ချီးယားစ်ကွာ”
“ချီးယားစ် ”……………..
အသံများသည် ဖန်ခွက်ခြင်းတိုက်သံကိုလွမ်းသွားသည် ……………
မိုးစက်များနှင့် ညသည်လည်း ပြီးဆုံးမသွားခင် သူ့အသက် သူသွင်းနေသည် ………………………။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပိုင်း (၃)

“ဝုန်း ” ……………..
အပေါ်ထပ်မှလဲပြိုကျသောအသံကြောင့် မျိုးမင်းတစ်ယောက် ထမင်းစားနေရင်းမှ မျက်မှောင်ကြုပ်လိုက်
မိသည် တစ်ဆက်ထဲမှာပဲ စိတ်ထဲမှ အိမ်မှ အကူဒေါ်ဝင်းအား လုပ်ပြန်ပြီ ကလေးတော့နိုးတော့မှာပဲဟု
အပြစ်တင်ကာထလိုက်မိလျှင်ပဲ နားမလည်သလို သူ့အားရပ်ကြည့်နေသောဒေါ်ဝင်းအား
တွေ့လိုက်ရသည် ……
“ဟာ ဒါဆို”
သူခပ်တိုးတိုးရေရွတ်ကာ အပေါ်ထပ်သို့တက်လာလိုက်သည် ………
အခန်းထဲသို့အဝင် လဲကျမေ့မြောနေသောသူ့မိန်းမအား တွေ့ရသောအခါ နားမလည်စွာဖြင့်
စိုးရိမ်တကြီး ပြေးပွေ့ ဆရာဝန်ခေါ်နှင့် အလုပ်တော်တော်ရှုပ်သွားသည် ……………………
ဆရာဝန်က ဆေးတစ်လုံးထိုးပေးပြီးသောအခါ အခန်းအပြင်သို့ထွက် စကားပြောဖြစ်ကြသည် ….
“အခြေအနေဘယ်လိုလဲဆရာ”
မျိုးမင်း၏အမေးကိုဆရာဝန်ကပြုံးပြကာ…..
“မစိုးရိမ်ရဘူးဗျ အားနည်းနေတဲ့အချိန်မို့ ရှော့ဖြစ်သွားတာပါ ဒါနဲ့ သူ့စိတ်လှုပ်ရှားစရာခင်ဗျား
ဘာများလုပ်မိလဲ ” …………
မျိုးမင်းခေါင်းများမူးဝေသွားတဲ့အထိစဉ်းစားကာဖြေသည် ………..
“ကျွန်တော်အလုပ်က ပြန်လာတယ်ဆရာ သူကျွန်တော့်ကိုထမင်းခူးပေးတယ် ပြီးတော့
ဒီနေ့ ရုံးခန်းမှာ အဖေ့ ကိုယ်ရေးကိုယ်တာဖိုင်တွေရှင်းတော့ ကျွန်တော့်ရဲ့
ကျေးဇူးရှင်ဖြစ်တဲ့ တစ်ဦးထဲသော အစ်ကိုတစ်ဝမ်းကွဲပုံ ကိုရလာတယ်
အဲဒါနဲ့ သူတွေ့ဖူးတယ်ရှိအောင် အပေါ်က အလုပ်ကယူလာတဲ့ဖိုင်ထဲမှာ
ရှိတယ် သွားယူလို့ပြောလိုက်တယ် သူတက်သွားလို့ မကြာဘူး လဲကျသံအကြား ကျွန်တော်တက်ကြည့်
တော့ ကျွန်တော့်အစ်ကိုပုံကိုကိုင်ပြီး လဲကျနေတော့တာပါပဲ ဆရာရယ် ဒီပုံပါဆရာ ”…………..
မျိုးမင်းထိုးပေးလိုက်သောပုံကိုကြည့်လိုက်မိလျှင်ပဲ ဆရာဝန်ပါးစပ်အဟောင်းသားဖြစ်သွားသည် …
ဘောလုံးပွဲ ဝါသနာပါသောဆရာဝန်အဖို့ ထိုဓာတ်ပုံထဲမှလူအားကောင်းကောင်းသိပေသည် ….
လွန်ခဲ့သောလေးနှစ်က နာမည်ကြီးခဲ့သော တစ်ချိန်က နိုင်ငံ့လက်ရွေးစင် ဂိုးသမားတစ်ဦး
ဝတ်စုံပြည့်နှင့် ဘောလုံးကိုပိုက်ထားသည့်ပုံ ………………….
“သွယ်နိုးလာမှပဲမေးကြည့် ကြတာပေါ့ ဆရာရယ် ”……………
မျိုးမင်း၏အသံမှာဖျော့တော့တိုးလျစွာ ……………………..
အပြင်တွင်ရွာနေသော မိုးစက်များသည် မိုးစက်များအလျောက်
နားမလည်ခြင်းသည်လည်း နားမလည်ခြင်းအလျှောက် အတွေးများသည်လည်းအတွေးများအလျှောက်
အရာအားလုံးသည် သူ့ဂွင်နှင့်သူ နေသားကျနေပါသည် ……………………………….။။။

အိုင်လွယ်ပန်

19 comments:

လင်းထက် said...

အား အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပဲ ကိုအိုင်ရေ ရှားရှားပါးပါး ကိုအိုင်ဆီက တွေ့ရခဲတဲ့ အချစ် ဝတ္တုတိုလေး အဲလိုလုပ်ပါ ဆက်ရေးပါ ဒီလိုမျိုးလေးတွေ အားပေးနေပါတယ်..။

mgnge said...

အင်း အရမ်းကောင်း
မရောက်တာကြာတာနဲ့ ကိုယ့် ဆရာလက် စွမ်းတွေ အရမ်းထက်လာတရ်...။
အားပေးလျက်ပါဗျာ..။

လင်းဒီပ said...

ကောင်းတယ်ဗျ...ဝတ္တုကောင်းလေးတစ်ပုဒ်ပဲ..
မမျှော်လင့်ထားသလို ချိတ်ဆက်ခေါ်သွားတယ်..
မင်္ဂလာပါ..

MANORHARY said...

မမျှော်လင့်တဲ့အသိမ်းလေး
ကောင်းတယ်...

ညိမ်းညို said...

ကိုအိုင်ရေ
နောက်လဲ ရေးဦးဗျာ နော

ဇာတ်သိမ်းကလဲ မျှော်လင့်မထားမိဘူး
ကောင်းတယ်ဗျာ

အိန္ဒြာ said...

" နားမလည်ခြင်းသည်လည်း နားမလည်ခြင်းအလျှောက် အတွေးများသည်လည်းအတွေးများအလျှောက်
အရာအားလုံးသည် သူ့ဂွင်နှင့်သူ နေသားကျနေပါသည် …"

စကားပြေကောင်းကောင်းလေးပါဖတ်ခွင့်ရလို့
ကျေးဇူးတင်ပါတယ်

လှလှပပ ညက်ညက်ညောညာ သေသေသပ်သပ်
ခေါ်သွားနိုင်ပါတယ်.။

အားပေးလျှက်

အိန္ဒြာ

nwaylwinooo said...

ကို အိုင်ရေ မဖတ်စဖူး ဖတ်လိုက်ရတယ် ဗျာ ၀တ္ထုလည်း အရေးကောင်းသား ဇာတ်အိမ်အဖွဲ့လေးလှတယ်ဗျာ ကြိုက်တယ်
ကောင်းသောနေ့ ကိုအိုင် :)

ဆောင်းယွန်းလ said...

ညီလေးရေ အရေးအသားရော ဇာတ်အိမ်ဇာတ်ဖွဲ့ရော ဇာတ်သိမ်းပါ အားလုံးလှလှပပကောင်းမွန်တယ်ကွာ..
ကြိုက်တယ် ကိုယ့်ညီရေ့

အမရာ said...

အချစ်နဲ့ပါတ်သက်ပြီးခံစား
နေရသူတွေအတွက်အလင်းရောင်
ပြပေးထားတဲ့ဝထ္ထုတပုဒ်ပေါ့နော်....
နားလည်နိုင်ကြပါစေ။

အမရာ said...

အချစ်နဲ့ပါတ်သက်ပြီးခံစား
နေရသူတွေအတွက်အလင်းရောင်
ပြပေးထားတဲ့ဝထ္ထုတပုဒ်ပေါ့နော်....
နားလည်နိုင်ကြပါစေ။

အမရာ said...

အချစ်နဲ့ပါတ်သက်ပြီးခံစား
နေရသူတွေအတွက်အလင်းရောင်
ပြပေးထားတဲ့ဝထ္ထုတပုဒ်ပေါ့နော်....
နားလည်နိုင်ကြပါစေ။

mgngal said...

သေသေချာချာကို ခံစားသွားတယ်ဗျ ကိုအိုင် ။ စကားလုံးတွေမှာ ဒဿနလေးတွေ ပါပါလာတယ်။ အားလုံးကောင်းတယ် ဖတ်ရတာ ။ အားပေးပါတယ် ။ နောက်လဲ ..... ။ :)

သဇင်ဏီ said...

ချိတ်ထားတဲ့လင့်ခ်လေးတွေကကောင်းတယ်...
နင်ကဒီလိုလဲရတာပဲကိုး =)
အားပေးနေပါတယ်..
ငါအသစ်ရေးထားတယ်.. အားရင်လာဖတ်ဦးနော်..

HAPPYCLOUD said...

ညီရေ... အတော်လေးအရေးကောင်းတာပဲကွာ...
ညီက...တစ်ပုဒ်ဆိုတစ်ပုဒ်ပဲကောင်းတယ်ဟေ့...
ဒါနဲ့ ၀ိုင်းလေးကစ်လိုက်ကြအောင်ဟေ့...
ဖိုးမောင်

BLACK DREAM said...

ငါမဖန်တီးပဲနဲ့ အလိုလိုရလာမယ့် အရာတွေနဲ့
သွယ့်ကိုသိမ်းသွင်းသလို မဖြစ်စေချင်ဘူး....။

ဒီစာသားလေးတော့ တော်တော်ကြွေသွားတယ်..။

လွမ်းလုင် said...

ငါ့ခံယူချက် သတ်မှတ်ချက်ဟာ အရာအားလုံးနဲ့ဆန့်ကျင်နေတယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုကို
ငါကျေနပ်နေမယ် ……ငါ့ကိုယ်ငါလိမ်ညာဖြစ်ခဲ့ရင်တောင် ငါ့လိမ်ညာမှုဒဏ်ဟာ ငါ့ကိုယ်ထဲမှာပဲ
တည်နေလိမ့်မယ်ကွာ ………ဘယ်ဂယက် ဘယ်လှိုင်းမှ ပတ်ဝန်းကျင်ကိုမရိုက်ခတ်စေရဘူး

အဲဒီစာသားလေး ကြိုက်တယ် ကိုယ့်လူ... ဇာတ်လမ်းဆင်တာ တိုတိုလေးနဲ့ ထိတယ်။ ဇာတ်သိမ်းက တော်တော်တာသွားတယ်..။

ညီအကိုများ said...

ကိုအိုင်ရေ ကောင်းတယ်ဗျာ.. အရေးအသားညက်တယ်..
ဖတ်ရင်းနဲ့ကိုမြောသွားတာပဲ.. ဂုဏ်ယူပါတယ်ဗျာ..

စကားပြေကောင်းတွေ၊ ကဗျာကောင်းတွေအတွက်
ချီးယားစ်...

ခင်မင်လေးစားလျက်
မိုးကြယ်

Moe Myint Tane said...

ကိုအိုင်လွယ်ပန်ရေ

ထူးအိမ်သင် သီချင်းဆိုရမလိုဖြစ်နေပြီ။ " ဘာပြောရမလဲ " ကောင်းတယ်လို့ ပြောတာထက်ကို ပိုကောင်းနေတယ်။ ဇာတ်လမ်းမှာ မြောသွားလိုက်တာ။ ကြိုက်တယ်ဗျာ။ ကိုအိုင်က ကဗျာတင်မဟုတ်ဘူး စကားပြေလည်း အရေးကောင်းတယ်ဗျာ။ အားပေးလျက်ပါ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Moet said...

အား .... ဖတ်လို့ကောင်းလိုက်တာ ....

ကြယ်ပြာ