လွမ်းဇာတ်ရေးခဲ့တဲ့ ငပေ တစ်ကောင်ရဲ့ အလွမ်းဘုံ

အမေ…..
နေကောင်းလို့ကျန်းမာပါစ
ကိုယ်ရေးခဲ့တဲ့ဇာတ် ရုပ်မပျက်ဖို့
အသက်ဓာတ်လို ကိုးကွယ်ပြီးသာ
မာန်ကို မောင်းတင်တင်ထား
ရင်မှာတော့စက်ရုပ်ဆန်ဆန်
နှလုံးသားတွေကို
အလုပ်ပေးနေရတာကြာခဲ့ ……….

ခွဲလာပြီးကတည်းက
တာဝန်ဆိုတဲ့ ဘောင်ထဲမှာ
လှူပ်ရှားမှုတွေကို ရိုက်သွင်း
အချိန်ရှားတယ်တဲ့
အားတိုင်းယားတိုင်းဟစ်ကြွေးသံတွေနဲ့
စိတ်ခံစားချက်တွေကိုတောင်
ဇယားကွက်ဆွဲဆွဲနေကြတော့
ကျွန်တော်တို့ဆီက
လဘ္ကက်ရည်ဆိုင်လေးတွေကို
လွမ်းမိပေါ့ ………

ခွဲလာပြီးကတည်းက
မျက်လုံးနှစ်လုံးပွင့်တာနဲ့
တွေ့သမျှကိုမျက်နှာတုကြီးတွေတပ်
ပြုံးပြနှုတ်ဆက်ကြ
ဝတ်ကျေတမ်းကျေကို
နှမ်းဖြူးထားတာတွေပဲ
ကြုံနေရတော့
ကျွန်တော်တို့ဆီက
ကျေးလက်အလှုအိမ်လေးတွေကို
လွမ်းမိပေါ့ ………

ခွဲလာပြီးကတည်းက
တစ်ချို့တစ်ချို့တွေ
လက်ကိုင်ထားနေကြတဲ့
ဖေါ်ရွေမှု၊သဘောထားကြီးမှု၊ရိုင်းပင်းမှုတွေက
ဆားမပါတဲ့ဟင်းလိုပဲ
သဒ္ဓါတရားဆိုတာကို
မမြင်ရတာကြာတော့
ကျွန်တော်တို့ဆီက
ရေချမ်းစင်လေးတွေကို
လွမ်းမိပေါ့ …………

အလွမ်းတွေ ဝေမယ်မှန်းသိလျက်က
ကိုယ့်ခံနိုင်ရည် ကိုယ်ကိုးစားမိတာပဲလား
မီးများ မီးနိုင်
ရေများ ရေနိုင်တွေကြား
ကိုယ့် တန်ကြေး ကိုယ်ပြန်မျှားဖို့
ဘဝကို ဘယ်အပိုင်းကစပြီး
ထိုးကျွေး ခဲ့မိလိုက်မိသလဲ အမေ …………….

အမေရေ
နေကောင်းလို့ကျန်းမာပါစ
အခုတော့
ဘာကိုဘာနဲ့ လဲထပ်လို့
ဘာကိုဘာနဲ့ ရှာဖွေနေသလဲ ဆိုတဲ့
မရောင်ရာဆီလူးမိတဲ့ အတွေးတွေတစ်လှေနဲ့
ငပေတစ်ကောင်
မတ်တပ်ရပ်ရင်း တွေ ဝေ ငေး
အမေ နဲ့ ကျွန်တော် ဝေးနေတဲ့ရက်တို့ကြာရှည် ………………………။။။

အိုင်လွယ်ပန်

15 comments:

MANORHARY said...

ဆားမပါတဲ့ဟင်းလိုပဲ
သဒ္ဓါတရားဆိုတာကို
မမြင်ရတာကြာတော့
ကျွန်တော်တို့ဆီက
ရေချမ်းစင်လေးတွေကို
လွမ်းမိပေါ့ …………
...........
...........
လွမ်းမိပေါ့
လွမ်းမိပေါ့
လွမ်းမိပေါ့

Anonymous said...

ကိုလွယ်ပန်ရေ တကယ်ကိုလွမ်းမိပါတယ်ဗျာ

Moe Myint Tane said...

အခုတလော homesick ဖြစ်နေတာနဲ့ ဒီကဗျာနဲ့က ကွက်တိပါလား ဆရာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

yehtutnaung said...

တကယ်ထိတယ်ဗျာ.. အရာအားလုံးကို လွမ်းမိသွားတယ်..

minn thuka said...

တွေးထားတာလေး လှလိုက်တာဗျာ...
သမုဒ္ဒရာမခြားရင်တောင် မြို့ခြားတာလေးနဲ့တင်
အဲဒီလို ပက်ပင်းတိုးမှုတွေ ရှိနေတာပဲဗျာ..
အခု ကျနော်တို့တွေ ဘဝက ဆရာ့ကဗျာလေးအတိုင်းပါ။

Eaindra said...

အိုင်လွယ်ရေ....

အမေ...
လို့ ခေါ်သံမှာကိုက အလွမ်းတွေပါနေတာ...
ရရှိနေသလား...ဆုံးရှုံးနေသလား..မသိတဲ့
ဘ၀တွေ...
အရင်းအနီးတွေသိပ်များလွန်းတယ်..နော်..

အဆင်ပြေပါစေ။

အိန္ဒြာ

လင်းဒီပ said...

အလွမ်းတွေ ဝေမယ်မှန်းသိလျက်က
ကိုယ့်ခံနိုင်ရည် ကိုယ်ကိုးစားမိတာပဲလား

ဟုတ်တယ်လေ...အခု ကိုးစားမိသမျှ ခံနေရ သပေါ့

Unknown said...

ကိုအိုင်ရေ အလွမ်းတွေနဲ့ ရွှဲရွှဲစိုလို့ ကောင်းသောနေ့ပါဗျာ :)

ဖြိုးငယ် said...

အမေကဗျာမို့ ငပေကိုလည်း ကိုယ်ချင်းစာမိပါတယ်ကွာ ...

မယ့်ကိုး said...

ထပ်တူထပ်မျှ ခံစားရပါတယ်။
ကျွန်မလည်း ပေပေတေတေ နဲ့  လွမ်းတတ်လေရဲ့ ။

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းလိုက်တာညီလေးရာ..

လင်းထက် said...

ငပေတစ်ကောင်
မတ်တပ်ရပ်ရင်း တွေ ဝေ ငေး
အမေ နဲ့ ကျွန်တော် ဝေးနေတဲ့ရက်တို့ကြာရှည်

အမေတိုင်းနဲ့သားတိုင်းရဲ့ အဖြစ်အပျက်ကလေး ပဲ ညီရေ..

mgngal said...

လွမ်းမိတဲ့ အကြောင်းတော့ ပြောကို မပြောချင်တော့တာ။
ကဗျာလေး နှစ်သက်စွာ ခံစားသွားတယ်ဗျ ကိုအိုင် ။

Unknown said...

ငပေ ငပေ ဘ၀တူတွေခြင်းမို့..။ အမျှင်တန်းလန်းနဲ့ အလွမ်းချင်း တူခဲ့ပြန်ပြီ...။ မျက်နှာအတုတွေ ခပ်များ များ...။ ဇယားကွက်တွေခပ်များများ...။ ကိုယ့်ကိုယ် တောင် တစ်ခါတလေ စစ်သေးရဲ့လားလို့ မလုံမလဲ ဖြစ်မိတယ်...။ သိပ်တော့လည်း မထူးခြားပါဘူး..။ ဒါပေမယ့် ခပ်ပါးပါး အလွှာတစ်ချပ်လောက်တော့ ခြားကောင်းပါရဲ့..။

သက်ထွန်းညိမ်း said...

အိုင်လွယ်ရေ ...
မရောင်ရာဆီလူး အတွေးတွေတစ်လှေနဲ့
ငပေတစ်ကောင် မတ်တပ်ရပ် တွေ ဝေ ငေး
လှတယ်ကွာ ...