ညစ်တွန်း

ငါ ဖြတ်ကူးမယ်ဆိုတော့မှ
နီနီပြရမယ့် မီးပွိုင့်
ကျန်းမာရေးကို ဂရုစိုက်ပါ ။

ထိခိုက်ကြရမယ် ဆိုတော့ကာမှ
ရှရာနည်းစေဖို့ သက်သက်အတွက်
အဆောင်တွေ လက်ဖွဲ့တွေလည်း
အားမကိုးချင် ။

လူ သန်းပေါင်းများစွာ
စကား သန်းပေါင်းများစွာ
မိုးလင်းက မိုးချုပ်
မိုးချုပ်က မိုးလင်း
ပျော်သလို ပျင်းပြီး
ပျင်းသလိုသာ ပျော်ခဲ့ကြ ။

ကမ္ဘာကြီးကို ချစ်တတ်ဖို့
ငါတို့တွေ
(ကိုယ့်ကိုယ်ကို) အရင်
သေချာစွာ ချစ်ကြည့်ရအောင် ။

မနက်ခင်းလည်း
မနက်ခင်းအလျှောက်
အဆင်ပြေစွာ နိုးထလာပြီ ဆိုတဲ့နောက်တော့
ငါ့ကို မနှိုးကြနဲ့တော့ပေါ့ကွယ် ။။။

အိုင်လွယ်ပန်

11 comments:

Unknown said...

မနှိုးတော့ဘူးနော် ကိုအိုင် အိပ်အိပ် :)
ကဗျာလာဖတ်တယ် ကောင်းသောနေ့ပါ ကိုအိုင်ရေ :)

မယ့်ကိုး said...

ကဗျာလေးကို နှစ်ခေါက်တိတိပြန်ဖတ် ခေါင်းစဉ်နဲ့ ပြန်တိုက်ကြည့်ပြီး အရမ်းသဘောကျသွားမိပါတယ်။
ကောင်းသောနေ့ ပါရှင် :)

အိန္ဒြာ said...

ဟုတ်လိုက်တာ..

ငါတို့ ကိုယ့်ကိုကိုယ် အချစ်လွန်ခဲ့ကြတာလား....

ငါတို့ ကိုယ့်ကိုကိုယ် မချစ်တတ်ကြဘူးလား...

သေချာတာက

ငါတို့ ကိုယ့်ကိုကိုယ်...
အထားအသိုမတတ်ခဲ့ကြဘူး....

ကောင်းတယ်..အိုင်လွယ်...
ညစ်တွန်း တွန်းလိုက်ရတာ..
စိတ်ထွက်ပေါက်တစ်မျိုးပေါ့

အိန္ဒြာ

mgngal said...

မနှိုးတော့ဘူးလုပ်နေတာ အလုပ်သွားရဦးမှာပဲဆိုပြီး သတိရလို့  လာနှိုးတာ ။ ကိုအိုင် ထတော့ ထတော့ ။ နောက်ကျနေဦးမယ် ။ တွေးတွေးပြီး သဘောကျသွားတယ်ဗျ ကဗျာလေးကို ။

MANORHARY said...

အိုင်လွယ်ပန်
ကဗျာသိပ်ကောင်းနေတဲ့လူတွေရဲ့
ရင်ထဲကိုမြင်အောင်မကြည့်ချင်ဘူး
ခုလည်း အဲလိုပဲ..
(စကားမစပ်..
အမရာတစ်ယောက်
ပျောက်နေသလိုပဲ...)

NangNyi said...

ငါ ဖြတ်ကူးမယ်ဆိုတော့မှ
နီနီပြရမယ့် မီးပွိုင့် .. အင်း
ကိုယ်ခေါက်မယ့်အလှည့်မှ ပျောက်တဲ့အံစာ..
အင်း အင်း.......
...

emayarKhin said...

အဟမ်း....အဟမ်း.....
အိပ်ပုတ်ရင်ပုတ်တယ်ပေါ့.........

စိုင်းလောဝ်ပိန်း said...

ဒေါက် ဒေါက် ဒေါက်
အိပ်ကောင်းတုန်း တံခါးလာခေါက်တာ :P
ဟုတ်တယ်ဗျ
မီးပွိုင်တွေ့ ကိုယ့်အလှည့်ကျမှ နီနီနေတယ်

ဖြိုးငယ် said...

ဒါဆိုလည်း မနိုးပဲ ကဗျာဖတ်ပြီးပဲ လှည့်ပြန်သွားပြီဗျာ

လင်းဒီပ said...

ကဗျာတွေကောင်းနေတာလည်း အမှန်ဘဲ..
အမရာပျောက်နေတာလည်း အမှန်ဘဲ..
သတင်းစာရှင်းလင်းပွဲလေး လုပ်ပါဦး..

Mhu Darye said...

ညစ်တွန်းလေး ဖတ်သွားပါရဲ့  ကိုအိုင်လွယ်ပန်..

ငါ ဖြတ်ကူးမယ်ဆိုတော့မှ
နီနီပြရမယ့် မီးပွိုင့်
ကျန်းမာရေးကို ဂရုစိုက်ပါ ။
ဆိုတာလေးနဲ့ စလိုက်တာကိုက...ကွက်တိကြီးကို ရင်မချိ ဘူးဗျာ။