အနာများ

အနာ (၁)

ကွဲသံ အက်သံတွေ
မြင်နေရတယ် ။

နားတွေမှာ
နားထောင်တတ်တဲ့နားတွေထပ်ရှိသေးရင်
ဒီလိုပဲစာရင်းပိတ်လိုက်ပါတော့ ။

အဆင်မပြေမှုမှာ
ဘာအကြောင်းနဲ့မှ
အသံထက်မြန်နေစရာမလို ။။

အနာ (၂)

လှုပ်လှုပ်ရှားရှား
သွားသွားလာလာနဲ့ပါပဲ
ကြာလာတော့လည်း
သူ့အိုးနဲ့သူ့ဆန်
သူ့အံနဲ့သူ နေသားကိုကျလို့ ။

ရင်ရဲ့ အစနေရာမှာပဲ
အပြီးသတ်ထိ
တိုးတိုး တိတ်တိတ် မြုံသွားခဲ့ပုံ ။။

အနာ (၃)

မြို့ပြ ရဲ့ လရောင်က
လမ်းမတွေပေါ်ကို ယိုဖိတ်
ဖွင့်ပိတ်နေတဲ့တွေကြယ်ရောင်တွေ
နိမိတ်ဖတ်ယူမရအောင်ရှုပ်ထွေးတဲ့ည
သွေးအေးအေးနဲ့ပဲ
ဒီဆောင်းက ရိုးတံတွေဖျောက်ပစ်ခဲ့ ။

ကွယ်ဝှက်ခြင်းရဲ့နောက်မှာ
ဘာတွေများ စွင့်ကားဖူးပွင့်လာမလဲ
မေးခွန်းတစ်ခုနဲ့
အမေ့ ရဲ့မေတ္တာကြိုးတစ်ချောင်းကို ဓါးသွားပေါ်ပစ်တင်ခဲ့တဲ့
ဟောဒီ လက်နှစ်ဖက်
ဘာကိုပဲစိုက်ပျိုးစိုက်ပျိုး မဖြစ်ထွန်းတော့ဘူး
ဘာကိုပဲအုပ်မိုးပေး အုပ်မိုးပေး အရိပ်မထင်တော့ဘူး
(အခုကျမှ)
နွေးထွေးချင်လိုက်တာ မေမေရယ် ။

နာရီ မိနစ် စက္ကန့် ………….
ကျွန်တော်မီးတွေကို မှိတ်ပစ်လိုက်တယ်
ကျွန်တော်က အမှောင်နက်နက်ထဲမှာ ။။

အနာ (၄)

လိုအပ်မယ်ဆို
ဘဝဆက်တိုင်း
ကြွင်းကျန်ရစ်စေတော့လေ ။

နှလုံးသားက
မြှားတစ်စင်းရဲ့ဝိသေသကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မြှင့်တင်သွားခဲ့ ။

တစ်ခါတစ်ရံ
နူးညံ့သိမ်မွေ့စွာတိုးဝင်လာမှုဟာ
သိပ်ကို ကြမ်းရှတယ် ။။

အနာ (၅)

အလွမ်းတွေလေ
ခြွေခြွေချနေတာတောင်
ဖူးလို့ပွင့်လို့ကောင်းနေတုန်း ။

ခေါ်စရာမလိုပဲ
ကိုင်းလုံးကျွတ်လာရောက်ကွေးကျ
အိပ်မက်မှိန်မှိန်လေး
ဝေးသွားတယ် ။

မျှော်လင့်ထားတိုင်း
ဖြစ်မလာနိုင်တာသိတယ်
ဒါပေမယ့်
မျှော်လင့်ချက်တွေဖြစ်မလာနိုင်ဘူးလို့တော့
မမျှော်လင့်ချင်ရိုးအမှန် ။။

အိုင်လွယ်ပန်
(ရေးခဲ့ ဖူးတဲ့ အနာဟောင်း တွေ ကို ပြန်စုစည်းလိုက်တာပါ )

9 comments:

မယ့်ကိုး said...

အနာတွေ အကုန်လုံးလှတယ်လို့ ဆိုရင် ရက်စက်ရာများ ကျနေမလား မသိပါဘူး။

mgngal said...

ဟောင်းပေမယ့် ကောင်းနေဆဲဗျ ။ ကဗျာဆိုတာ ဟောင်းတယ်ရယ်တော့ မရှိပါဘူးလေ ။ ဟုတ်တယ်ဟုတ် ။ ;)

MANORHARY said...

မယ်ကိုးပြောသလိုပဲ...း)
ဒါပေမယ့် ကဗျာဆိုတာကလည်း
အနာရှိမှ ပိုလှသလိုပဲ
နာကျင်မှုများနှင့်လှပနေသော.....အရာ...

လင်းဒီပ said...

“ရင်ရဲ့ အစနေရာမှာပဲ
အပြီးသတ်ထိ
တိုးတိုး တိတ်တိတ် မြုံသွားခဲ့ပုံ ။။”

အဲဒါအမှန်ဘဲဗျာ ရင်ထဲမှာ တိုးတိုးတိတ်တိတ်လေး တခါတလေ မြုံသွားတတ်တယ်။

“တစ်ခါတစ်ရံ
နူးညံ့သိမ်မွေ့စွာတိုးဝင်လာမှုဟာ
သိပ်ကို ကြမ်းရှတယ် ။။”

ဒီနှစ်ပိုဒ်ကတော့ အတော်လေးကို နက်နက်နဲနဲ စူးဝင်သွားတယ်..။

တင့်ထူးရွှေ said...

ဝေးးး ဘရို ... အနာတွေကို ဆေးလာထည့်ပေးတယ် ၊ ဆေးတစ်စက် အနေနဲ့ပေါ့ ၊ အနာကျက်ရင်တော့ အမာရွတ်တွေ ကျန်ခဲ့ရသေးတာပဲ .. အနာ(၃)နဲ့(၅) ကို စိတ်ထဲ စွဲနေသလိုပဲ ၊ အားလုံးအဆင်ပြေပါစေ ဘရို ။

ညိမ်းညို said...

အနာတွေပေမဲ့ လှလိုက်တာလို့ မပြောရက်ပေမဲ့
ပြောခဲ့ပြီဗျို့
ကိုအိုင်ရေ ချီးယားစ်!!

ဖြိုးငယ် said...

ဒီကလေး အနာတွေ တယ်များသကိုး ...

သက်ထွန်းညိမ်း said...

ကိုအိုင်လွယ်ရေ ...
လိုအပ်မယ်ဆို ဘ၀ဆက်တိုင်း
ကြွင်းကျန်ရစ်စေပါနဲ့ဗျာ
ဘယ်လိုခြွေခြွေ ဖူးလို့ကောင်းတုန်းတော့
ရူးကြသေးတာပေါ့း)
ကဗျာတွေကတော့ လက်နေတာပဲ

Mhu Darye said...

နာနေတဲ့ ကဗျာတွေဆိုပေမယ့်...
အားနာနာနဲ့ပဲ ပြောရမှာပဲ... အရမ်းကောင်းတယ်။
း)
တကယ့်ကို ကြိုက်တယ်ဗျာ.