ဝိညာဉ်

အတိုလွန်လွန်းနေတဲ့
အိပ်မက်တစ်ခုစာပါ
မမက်ခင်က ပြီးနှင့်နေပြီ ။

“မလာခဲ့နဲ့ ”
အာခေါင်ခြစ် အော်လိုက်သံဟာ
အာခေါင်ထဲမှာပဲ မြုံနေတယ်
ဆီးကြို တွန်းကန်ဖို့ အားတွေ ရဖို့
ဘယ်ဆုကို ဘယ်လိုပန်ရမလဲ ..။

“ကယ်ကြပါဦး ...
ကယ်ကြပါဦးရှင် ဒီမှာ “ ... ” ရေနစ်နေလို့ ”

အမျိုးသမီး တစ်ဦးရဲ့ အသံ
တိမ် .. ဝင် ... သွား
စုတ်သပ် သံတွေက လွဲ
တစ်စုံတစ်ရာ လှုပ်ရှားခြင်း မရှိတဲ့
ပတ်ဝန်းကျင် …။

မေးခွန်းတစ်ခုရဲ့ အဖြေကို
ကြိုသိနေခဲ့သလိုမျိုး ငါသိနေရဲ့
ကူရာ ကယ်ရာ မဲ့တဲ့အဆုံး
ကယ်နိုင်လို ကယ်နိုင်ငြား
ရေထဲကို
စိုးရိမ်တစ်ကြီး ခုန်ချလာတော့မယ့်
ဗျာပါဒ ကိုယ်လုံးလေးကိုသာ
ရေထဲကနေ ခုန်တက်
ကုန်းရုန်း ကိုင်ချုပ်နေမိ ။

တစ်ကိုယ်လုံး
ပေါ့ပါး လွတ်လပ် လွင့်ပျံ
တကယ်တမ်းတော့
ဖမ်းဆုပ်လိုက်တဲ့
လက်နှစ်ဖက်က ဘာကို ဘာနဲ့မှ
မထိတွေ့နိုင်ခဲ့ ..။

မေမေ့ ရဲ့ သောက မျက်ရည်တွေ နဲ့ အပြိုင်
ငါ့မျက်ရည်တွေ …။

အိုင်လွယ်ပန်

6 comments:

နွေဆူးလင်္ကာ said...

ကဗျာကောင်းလေး ဖတ်သွားပါတယ်

Mhu Darye said...

လာသွားသည်။း)happy new year ပါ..တဲ့

မယ့်ကိုး said...

.နှစ်သစ်မှာ အစစအရာရာ သစ်လွင်တောက်ပလို့ လှပတဲ့ ဝိညာဉ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ရှင်
ပျော်ရွှင်ဖွယ် နှစ်သစ်ပါ :)

Eaindra said...

အိုင်လွယ်

ရင်ထဲမှာ ကျဉ် သွားတယ်..
ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို စိုးရိမ်တကြီး
အရိပ်ပဲ ထင်ပြလိုက်တဲ့ သောက အကောင်အထည်ကို
မျက်စေ့ တပ်အပ်ပဲမြင်လိုက်ရသလိုလိုပါ...

ပိုင်ဖြိုးကို said...

ရင်ထဲမှာစူးစူးနစ်နစ် ဖြစ်သွားတယ်ကွာ .....။

ကိုရင်နော်ခင်လေးငယ် said...

ကိုအိုင်ရေ...

ဝိညဉ်ကို လာခံစားမိရင်း...
ဝိညဉ် တစ်ကောင် ထပျံသွားတာ မြင်လိုက်တယ်

ခင်မင်စွာချစ်ခြင်းအားဖြင့်..