ခွာပြဲ ထားတဲ့ အသိ တစ်စွန်းတစ်စ
နေဝင်ရီတရော မှာ
ကမ္ဘာလည်သလို ၃၆၀ ဒီဂရီ စောင်းပြီး ပြန်လည်လာ
မနေ့ က တစ်ခွက် ဒီနေ့ လည်းတစ်ခွက်
ဒီနေ့ ပိုမူး နေတယ်
မနက်ဖြန် ရော ..
မေးမိရ အောင် အဲဒီပါးစပ်က
ဘယ်သူ့ အားကိုး နဲ့ မိုက်လိုက်တာလဲ
လူ့ ဘဝ ကို ရခဲ့တယ်
လူ့ဘဝ ကိုပဲ ပြန်ပေးနေရတယ်
တစက္ကန့်ချင်း တစ်နာရီချင်း
တစ်ရက်ချင်း တစ်လချင်း တစ်နှစ်ချင်း
အလကား ရနေတဲ့ အောက်ဆီဂျင်ပဲ
ဘယ်နှာခေါင်းက ပိုရူရူ ပေါ့
သူ့တစ်နေရာစာနဲ့သူ
ဘယ်သူ တောက်ပ တောက်ပ
နေရင်းထိုင်ရင်း မျက်စိ မကျိန်းကြေး
စကားက မဆုံးသေးဘူး
“ဒီလိုပဲကွ ဘဝဆိုတာ”
ကဲ .. ခင်ဗျားက အစချီလိုက်ပြီ
ပြီးရင် ဘာဖြစ်တယ် ညာဖြစ်တယ်
ခင်ဗျားက လုပ်တော့မယ်
“နေစမ်းပါဦးဗျာ”
ပြောသာ ပြောရတယ်
နေစမ်းပါဦးဗျာ လို့ဆိုရင်ကော
ခင်ဗျားက နေမှာမို့လို့လား
ကြားနေကျ ဆိုတာကို ဖောက်ဝင်ပြီး
ကြားနေရတဲ့ အသံတွေ
နားထောင်နေရတာကော ဘာများ တိကျ ရေရာမှုရှိလဲ
“ ရှင်ဟာ တကယ့် ငတုံး ပဲ ”
ဟုတ်ပါပြီ ထားခဲ့လိုက်တော့ ဟန်နီ
နင့်နှလုံးသားကို ဆုတ်ခွာဖြဲဖို့
ငါ့မှာ ထက်ထက်မြမြ ဘာမှ မရှိပေဘူး
လက်ခေါက်မှုတ်သံတွေ ကြားတော့မှ
လက်ခုပ် ထတီးဖို့ သတိ အကြိမ်ကြိမ် ရမိသူ
ရာသီဆက်ခွင့်ပေးတိုင်း
ဆုပ်လည်းစူး စားလည်းရူး
စံပယ်နံ့တွေ တစ်နင့်တစ်ပိုးနဲ့ပဲ
အိမ်ပြန်ချိန် နောက်ကျမြဲ နောက်ကျ ခဲ့
ဇာတ်လမ်း ...
ကြာတော့လည်း
ရိုးသားစွာ ရိုးသွားခဲ့ပြီ ...။
အိုင်လွယ်ပန်
ဘဝ
1 year ago




6 comments:
ကဗျာဖတ်သွားပါတယ်
အိုင်လွယ်
နည်းနည်းပြင်းနေတယ်...
ဇာတ်လမ်းက ကြာတော့ ရိုးသားစွာ ရိုးသွားခဲ့ပါပြီ..တဲ့
အဲဒါလေးရွတ်ပြီးလှည့်ပြန်လာခဲ့တယ်
“မနေ့ က တစ်ခွက် ဒီနေ့ လည်းတစ်ခွက်
ဒီနေ့ ပိုမူး နေတယ်
မနက်ဖြန် ရော ..
မေးမိရ အောင် အဲဒီပါးစပ်က
ဘယ်သူ့ အားကိုး နဲ့ မိုက်လိုက်တာလဲ”
“အလကား ရနေတဲ့ အောက်ဆီဂျင်ပဲ
ဘယ်နှာခေါင်းက ပိုရူရူ ပေါ့”
“သူ့တစ်နေရာစာနဲ့သူ
ဘယ်သူ တောက်ပ တောက်ပ
နေရင်းထိုင်ရင်း မျက်စိ မကျိန်းကြေး”
“လက်ခေါက်မှုတ်သံတွေ ကြားတော့မှ
လက်ခုပ် ထတီးဖို့ သတိ အကြိမ်ကြိမ် ရမိသူ”
ဖတ်ရတာ မူးပြီးပေါက်ကွဲနေသလိုပဲ...။အဲဒီစာလုံးတွေကို ပို အာတွေ့တယ် ။
ခံစားချက်တွေ ရှုပ်ပွနေတာပဲ အကို...
ဘာကို နားလည်လိုက်တယ် လို့ ပြောဖို့ခက်ခဲပြီး
လက်မှိုင်ချသွားတဲ့ထဲမှာ ဒီကဗျာလည်း ပါတယ်။
ရောက်ခဲ့တယ် ပဲ ဆိုပါတော့..။
း)
မိုက်တယ်။ ကဗျာလေးပြောပါတယ်။
ကောင်းသောနေ့ပါရှင် :)
bro ,, အပြောတွေ ရေလည်မိုက်တယ်၊ ကဗျာတစ်ပုဒ်လုံး အကြားအလပ်မရှိ ကြိုက်တယ်ဗျာ.. cheers!!!!!
Post a Comment