အရူး

မိုးရေတွေက
ခါးတယ် ။

ရွာရိုးကိုးပေါက်လျှောက်ရင်း
ခြေသလုံးသားကို
ခွေးလေခွေးလွင့်တွေအတွက် ငါပူဇော်ခဲ့ ။

ဝမ်းစာအတွက် ငါ ချိုးလိုက်တဲ့
ကန်စွန်းညွန့်လေးရဲ့ ကြမ်းခင်းဈေးအတွက်
သူတို့ရဲ့ ပါးစပ်ဖျားမှာ
ကရုဏာသံတွေ ကြားလိုက်ရ ။

ငါလာပြီဆို
ဝုန်းကနဲ အိမ်ပေါ်ပြေးတက်သွားတဲ့
ကလေးတစ်သိုက်ရဲ့ တော်လဲသံတွေ
ကလေးတွေချော့ရင်း
အပူရုပ်ကို ဟန်လုပ်တပ်ဆင်ထားကြတဲ့
မျက်နှာဖုံးများဟာ ပူပြင်းစူးရှ ။

ဆုပ်လည်းစူး စားလည်းရူး စကားလုံးတွေအောက်
ဖြေဆေးမရှိတဲ့ ငါ့စကားလုံးဟာ
ပျောက်ဆုံးပြတ်တောက်လို့ ။

အမှန်တစ်ခုရှိတယ်
အမှားတစ်ခုရှိတယ်
ဆိုကြပါစို့
အမှန် = ၁
အမှား = ၁
ထို့ကြောင့် ...
အမှန် = အမှား
တစ်ဟားဟား နဲ့
တစ်ကိုယ်လုံး သိမ့်သိမ့်တုန်အောင်
ငါရယ်လိုက်မိ ။

သူတို့ကလည်း ငါ့ကိုကြည့်
လက်ညှိုးတစ်ထိုးထိုးနဲ့
ရယ်လို့ မောလို့
လူကြီးတွေ
ကလေးတွေ
ခွေးတွေ
အားလုံး ပျော်ကြလေတယ် ။။

အိုင်လွယ်ပန်

5 comments:

အိန္ဒြာ said...

ပျော်သလိုလို ဖြစ်လာတဲ့အထိ
စိတ်ပျက်ညစ်ညူးဖွယ်ရာတွေထဲမှာ

အသားကျနေခဲ့ကြတာ..ကြာပြီပေါ့ အိုင်လွယ်..ရယ်..

ရူးနေရတာ..စိတ်ချမ်းသာပါတယ်..အပြစ်ကင်းတယ်
ရူးချင်ယောင်ဆောင်နေရတာသာ.........


ချစ်ခင်စွာ

Moe Myint Tane said...

တစ်ခါ တစ်ခါ တကယ်ရူးသွပ်သွားခြင်းဟာ စိတ်ချမ်းသာခြင်းသေတ္တာတစ်လုံးကို ကောက်ရလိုက်သလိုပါဘဲ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

အသားကျနေခဲ့သော ရူးသွပ်မှုတွေနဲ့
ရူးသွပ်မှုတွေအသားကျနေသောဘဝတွေ ..

မယ်ကိုး said...

ကဗျာလေး လာဖတ်သွားပါတယ်။ ကောင်းသောနေ့ပါရှင်

မောင်နွေသစ် said...

ရူးသွပ်စွာ...ပျော်ရွှင်ကြပါစေ..