“ နာကျင်မှုအမြင်တွေနဲ့ပဲ ကြာပြီဆိုတဲ့အကြောင်းကို ခပ်ကြာကြာပြောနေမိတာ ကြာပြီ “


နာကျင်မှုတွေကို မကြည့်မိတာ ကြာပြီ။
နာကျင်မှုတွေအကြောင်းမတွေးဖြစ်တော့တာ ကြာပြီ။

ပြောနေကြတဲ့ အတိုင်းဆို အပ်တစ်စင်းနဲ့ နောက်အပ်တစ်စင်းတိုးတိုက်မိတာ တကယ့်ကို ကိစ္စများလှပေတယ်။
အမြင် တွေရဲ့တိမ်းစောင်းမှုအကြောင်းကို တွေးမိရင် မှန်ဘီလူးတစ်လက်ကို ပြောင်းပြန်ကြည့်ကြည့်ပါ။
နာကျင်မှုဆိုတာဟာလည်း ခင်ဗျားရဲ့ခံစားလိုက်တဲ့ အမြင်တစ်ခုက ထွက်ပေါ်လာနိုင်ရဲ့။
အနီးအဝေးဆိုတာ အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ ခင်ဗျားက ဘာကို ဘယ်လိုကြည့်မိလိုက်တာလဲ။
နာကျင်စရာရှိရင် နာကျင်ပါ ။ လွတ်လပ်စွာ နာကျင်ပါ ။ ပြောရရင် ….
အဆိုအမိန့်တစ်ချို့ဟာ နာကျင်မှုထဲက ထွက်ပေါ်ကောင်းထွက်ပေါ်လာခဲ့ပေမယ်။
ဒါပေမယ့် ခင်ဗျားရဲ့ နာကျင်မှုသက်သက်အတွက်ဆိုရင် အဆိုအမိန့်တွေကို ဖင်ခုထိုင်မနေပါနဲ့ ။
နာကျင်ပါ တစ်ကိုယ်ရည် တစ်ကာယ လွတ်လပ်စွာနာကျင်ပါ ။ နာကျင်ခြင်းကိုလည်း နာကျင်ခြင်းအလျှောက်
တန်ဖိုးထားပါ။ကိုယ့်နာကျင်မှုအတွက် ကိုယ့်ရင်ထဲကစကားဆိုတာ ကမ္ဘာကျော်ကျော်မကျော်ကျော် ရှိကိုရှိပြီးသားပါ။
ကိုယ့်နာကျင်မှုအတွက် သူများနာကျင်မှုကို ခုတုံးလုပ်ရတာ တကယ်တမ်းနာကျင်တတ်ရင် ပိုနာကျင်ဖို့ကောင်းလှတယ်။

ဇာတ်လမ်းက ဒီလိုဆိုပါတော့။

********************************************************************** ********************************************************************** **********************************************************************

အခန်းတစ်ခန်း အခန်းမီးဖွင့်ထားတယ်။
ဂီတတေးသွားတစ်ခုကိုဖွင့်ထားတယ်။
လူတစ်ယောက် စိတ်က တောင်တွေးမြောက်တွေး တွေးနေတယ်။
အဲဒီ့အထိ လူမသိသူမသိ ( သူကိုယ်တိုင်ပါမသိ) အားလုံးအဆင်ပြေတယ်။

ကဲ ! တစ်ခုဆို တစ်ခုပဲလုပ်ပါ။
အခန်းမီး ဖွင့်ချင်ဖွင့်ပါ။
ဂီတတေးသွားကို ဖွင့်ချင်ဖွင့်ပါ။
တွေးချင်ရင် တွေးပါ တဲ့။
ကြေငြာချက် ထွက်လာတယ်။

အတွေးကို ဖွင့်လိုက်တယ်။
ဂီတနဲ့ အခန်းမီးကို ပိတ်တယ် ။
ဆက်တွေးတယ် ရင်ထဲမှာ ဟာသွားတယ်။

ဂီတကို ဖွင့်တယ်။
အခန်းမီးနဲ့ အတွေးကို ပိတ်လိုက်တယ် ။ အဆင်မပြေပြန်ဘူး။
အတွေးဟာအလိုအလျှောက်ဝင်ဝင်လာတယ်။

အခန်းမီးဖွင့်ထားတယ်။
ဂီတနဲ့အတွေးကို ထပ်ပိတ်ပြန်တယ်။ ထပ်အဆင်အပြေပြန်ဘူး။
ရှိခဲ့တုန်းက သတိမထားမိတဲ့ အရာတွေ တစ်စုံတစ်ခုကို လစ်ဟာခံရတော့မှ နာကျင်ခြင်းဟာ ပြန်စလာတယ်။
ဘာဖြစ်လို့ ကိုယ့်ကျမှ တစ်စုံတစ်ခုကို ဆုံးရူံးရတာလဲ ။

တွေးတယ်။
အခန်းမီးနဲ့ ဂီတကိုပိတ်ပြီးမှ နာနာကျင်ကျင်ပြန်တွေးတယ်။
နာကျင်စွာတွေးတော့မှ နာကျင်ခြင်းဟာ နာကျင်စွာ ပိုမိုနာကျင်လာတယ်။

ဘယ်အရာဟာ ဘယ်လောက်ထိမြဲလို့လဲတဲ့။
ငိုဟယ် ရယ်ဟယ်ဆိုတာ ငိုဟယ်ငိုဟယ် မဟုတ်တာ သေချာသလောက်ပဲ။
ရယ်ဟယ်ရယ်ဟယ် မဟုတ်တာလည်း သေချာသလောက်ပဲ။
ထပ်ပြောရရင် သေချာခြင်းကိုယ်တိုင်ကလည်း မရေရာ/မသေချာတာ သေချာသလောက်ပဲ။
ထားတော့ ……
ကဲ ! ယခုအချိန်မှစတင်၍ အားလုံးကိုပြန်လည်ကာ ပုံမှန်လုပ်ဆောင်နိုင်ပါပြီတဲ့။
ကြေငြာချက် ထပ်မံထွက်ပေါ်လာပါပြီ။

အားလုံးကို ပြန်လည်လက်ခံရရှိလိုက်ပေမယ့် ဂီတကိုဖွင့် မီးကိုဖွင့်ထားတဲ့ အခန်းတစ်ခုထဲ
တွေးနေသူရဲ့ နာကျင်ခြင်းဟာတော်တော်နဲ့ အသားမတက်နိုင်တော့ဘူး ။
ပြန်ရလာပေမယ့်လည်း ဆုံးရှုံးခဲ့ဖူးခြင်းဟာ ပြန်ပြောလို့ကောင်းမွန်ပြီး ခံစားနာကျင်ရတဲ့ ပုံပြင်ကောင်းတစ်ပုဒ်ပေါ့။
မရှိရှိတာ မီးခွက်ထွန်းရှာရှာနေရတဲ့ နာကျင်မှုဟာ သမားရိုးကျ ဒါမှမဟုတ် တစ်ခုခုရဲ့စနက် ဒါမှမဟုတ် …
ဒါမှမဟုတ် …….
ဒါမှမဟုတ် …….
များပြားလှစွာသော ဒါမှမဟုတ် ……. ။

********************************************************************** ********************************************************************** **********************************************************************

ပြောချင်နေတဲ့ ဇာတ်လမ်းက အဲသလိုပြီးဆုံးသွားတယ်။
တကယ်တမ်းတော့  ငါ့ကိုယ်ငါ  ပြန်ပြန်စိုက်ပစ်နေမိတဲ့ ရူးကြောင်ကြောင် ဓါးတစ်လက် ဟာ အဲဒါပါပဲ ။
ငါဟာ ငါ့ခံစားမှုကို မှန်ဘီလူးတစ်လက်ဆိုတဲ့ အမြင်ထဲ ပစ်ထည့်လိုက်တယ်။
ငါဟာ မှန်ဘီလူးတစ်လက်ကို ပြောင်းပြန်ကြည့်မိနေသူ။
ငါ့ရဲ့ နီးစပ်စေလိုခြင်းတွေကို ငါ့ကိုယ်တိုင်အမြင်နဲ့ပဲ ပြန်ပြန်ဝေးစေကာ နာကျင်နေသူ ။

နာကျင်မှုတွေကို မကြည့်မိတာ ကြာပြီ။
နာကျင်မှုတွေအကြောင်းမတွေးဖြစ်တော့တာ ကြာပြီ။
ကြာပြီ ဆိုတဲ့အကြောင်းကိုလည်း ပြောပြောမိနေတာ ကြာပြီ။

အိုင်လွယ်ပန်

2 comments:

ဆုမြတ်မိုး said...

ကိုအိုင်လွယ်ပန်ကဗျာတွေကို ၂၀၀၉ ခုနှစ်တည်းက စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့တယ် ။ အကြိုက်ဆုံးကဗျာဆရာက ဘယ်သူလဲဆိုရင် အိုင်လွယ်ပန်နဲ့တိုးနှောင်မိုး လို့ဖြေမိတယ်။ အရင်ကလည်းကြိုက်တယ် အခုလည်းကြိုက်နေတုန်း.. ဘလော့လေးကိုပစ်မထားပါနဲ့ဗျာ..။

ခင်မင်လျက်
ဆုမြတ်မိုး

Ei Mon Khine said...

:)