ပြူတင်းတံခါးကငေး
အဝေးမှာကြယ်တွေကမှုန်ပြပြ
အလင်းနဲ့လမ်းတွေရေးတယ်
စိတ်ကူးတွေပျံ့လွင့်
မရေရာခြင်းရဲ့လက်တစ်ကမ်းက
တိတ်တိတ်လေးပန်းတွေပွင့်ခဲ့ပေါ့
“အမေ”နဲ့သားဝေးနေတယ်
ဒါပေမယ့်
“အမေ့”အရိပ်တွေက
သားနဲ့နီးနေတယ်
“အဖေ”မကြိုက်တဲ့ဆေးလိပ်ကို
ဖွာမိပြန်ပြီ
တိတ်ဆိတ်ခြင်းမှာ
ဆေးလိပ်မီးခိုးတွေကလွှမ်း
လောကက
သူ့ဖာသာသူနေပါတယ် “အဖေ”
လူတွေကသာအရောင်တွေဆိုးနေကြ
အတ္တကိုသားမပယ်နိုင်သေးဘူး
သားကိုယ်သားမမြင်သေးဘူး
ဘယ်သူ့ကိုမှလဲ
သားမမြင်နိုင်သေးဘူး
“အမေ”ပြောတဲ့
ခပ်ဆိုးဆိုးကောင်ကို
“အဖေ”ချစ်ပါတယ်
“အဖေ”မချစ်ချင်ယောင်ဆောင်တဲ့
ဒီကောင့်ကိုပဲ
“အမေ”ကတုန်နေအောင်ချစ်တယ်
ဒီလိုကောင်က
ကမ္ဘာမြေကိုသာယာစေချင်တယ်ပြောတော့
“အဖေ” နဲ့ “အမေ”ကရယ်တယ်
ဘာကောင်ပဲဖြစ်ဖြစ်ပါဗျာ
အိပ်မက်မက်ခွင့်တော့ရှိပါတယ်
ဒါပေမယ့် “အဖေ”နဲ့ “အမေ”ရေ !
ဒီတစ်ညတော့
သား………
အိပ်ပျက်ပြီထင်ပါရဲ့…………………..။။။
အိုင်လွယ်ပန်
(ပျောက်သွားလို့ပြန်တင်လိုက်တာပါ........)
ဘဝ
4 months ago
2 comments:
မိဘမေတ္တာကို ဖော်ကျူးထားတဲ့ ကဗျာလေးပဲ အရမ်းကောင်းတယ်။ အစ်ကို့ ရဲ့အရေးသားလေးတွေက တစ်ခုခုကို ဆွေးမြေ့စေသလိုလို လွမ်းသလိုလိုခံစားရတယ်။ ဒီကဗျာလေးကလည်း အဝေးရောက်သားတွေအတွက် မျှဝေခံစားနိုင်တဲ့ကဗျာလေးပါပဲ။ ကျေးဇူးတင်ပါတယ်ဗျာ။
( အရင်ကော့မန့် ကဘယ်လိုရေးခဲ့မှန်းမသိလို့  တစ်ခေါက်ပြန်ဖတ်ပြီးရေးလိုက်တယ် အစ်ကို ရေ့)
အဖေနဲ့အမေကိုချစ်တဲ့သားကို
အဖေနဲ့အမေကလည်းချစ်ပါတယ်။
သူတို့သာဒီကဗျာလေးကိုတွေ့ရင်
အတိုင်းထက်အလွန်ဝမ်းမြောက်ကြမှာပါ။
Post a Comment