ပျော်သလိုဖတ်ဖို့ကဗျာ (၂)


လိုက်ဟယ်ပြေးဟယ်နဲ့
ဆုံမှတ်ကိုပြန်လည်လာ
နောင်တတွေနဲ့ အနာဂတ်တွေကို
ခေါက်ချိုးချိုးချ
သဘာဝကို လူကြီးလူကောင်းဆန်ဆန်ဖွင့်ပြရင်း
ဘဝမူးခဲ့ကြ…………………

အသိအမှတ်ပြု
လက်ဝါးခြင်းရိုက်လိုက်တဲ့
နားလည်မှုဂီတလေးသက်သက်အတွက်
အခြားတစ်ဖက်မှာ
ဘာတွေဘယ်လောက်များ
ကြွေလွင့်ပျက်သုဉ်းကုန်ပါသလဲ…………………..

ခုန်ချဖြစ်လိုက်တဲ့
တွင်းဆုံးနက်နက်တွေမှာ
ပေးဆပ်လိုက်သယောင်တွေက
မျက်နှာဖုံးနဲ့တူတဲ့ မျက်နှာတွေမှာချီလို့
တကယ်တမ်း
ခုန်ချဖို့ထက် ပြန်ခုန်တက်ဖို့က
ပိုခက်တယ်
ပိုလိုအပ်တယ်……………………………

စွန့်လွှတ်ခြင်းတွေထည့်
စတေးခြင်းတွေထည့်
ကရားရေလွှတ်သလို
တတွတ်တွတ်ပြောခဲ့ကြတဲ့
ပုံပြောရာသီတွေဟာ
ပုံပြင်တစ်ပုဒ်လိုပဲ
ပြောကောင်းရုံလောက်သာကျန်ရစ်ခဲ့
မျက်မှောက်ကာလမှာ
အဆိပ်ကိုကျွမ်းကျင်နိုင်နင်းသူတွေများလာရဲ့……………………………

တစ်ကောင်ထိုးကျွေးလိုက်တာဟာ
သုံးကောင်ပြန်စားဖို့တဲ့လား
မျိုးစေ့တွေကို ကျားတစ်ပွဲဆန်ဆန်
ချပစ်လိုက်ကြ
ရေသောက်မြစ်တွေမှာ တွယ်ကပ်လာမယ့်
ဂရုဏာတရားဟာ ဆန့်ဆန့်ကြီးသေလို့
လူမွှေးလူတောင်ပြောင်ဖို့လောက်သာ
အားသန်နေတော့တယ်…………………..

လူမှန်ရင်
လူဆန်ရမယ်ဆိုရင်တော့
အဲသမှာ…
ကျွန်တော့် တစ်ခါတစ်ရံ ကြတ်ခြေခတ်တွေ
ပျော်…သ…လို…သာ…ဖတ်…ပါ…………………….။။။

အိုင်လွယ်ပန်









8 comments:

Anonymous said...

ပျော်သလို ဖတ်တာ ထက်တော့ ပိုပါတယ်...

လင်းဒီပ said...

”အသိအမှတ်ပြု
လက်ဝါးခြင်းရိုက်လိုက်တဲ့
နားလည်မှုဂီတလေးသက်သက်အတွက်
အခြားတစ်ဖက်မှာ
ဘာတွေဘယ်လောက်များ
ကြွေလွင့်ပျက်သုဉ်းကုန်ပါသလဲ…………………..”

”ရေသောက်မြစ်တွေမှာ တွယ်ကပ်လာမယ့်
ဂရုဏာတရားဟာ ဆန့်ဆန့်ကြီးသေလို့
လူမွှေးလူတောင်ပြောင်ဖို့လောက်သာ”

အဲဒီစာသားတွေက လာလာထိတယ်..
လူသားဆန်ဖို့ ကြိုးစားနေတုန်းမှာ..
လူဆန်ခြင်းတွေက နေရာဝင်ယူသွားတာ ...
ဘယ်လိုမှ ထိန်းထားလို့မရဘူး...

လူဖြစ်နေတော့လည်း..လူဆန်နေကြရတယ်...

thihanyein said...

ကဗျာကောင်းတွေတယ်လည်းထွက်နေပါလားညီတော်**
လူမှန်ရင်
လူဆန်ရမယ်ဆိုရင်တော့
အဲသမှာ…
ကျွန်တော့်ကြတ်ခြေခတ်တွေ
ပျော်…သ…လို…သာ…ဖတ်…ပါ…………………….။။။
ကြက်ခြေတော့မခတ်ပါနဲ့ညီရာ**အကိုက ကြက်ခြေခတ်ရင်
ဆရာမလေးကို ပြေးပြေးမြင်မိတယ်**
၁၉၃၀ အောက်တိုဘာတော်လှန်းကို ခုနှစ်မှားပြောလို့လေ**ဟားဟား***
ကဗျာကိုကြိုက်တယ်ဟေ့ **

တင့်ထူးရွှေ said...

ကိုအိုင်ရေ ကဗျာတွေကတော့ လက်ကမ်းသလောက်ကို ထွက်နေတော့တာပဲ ၊ တကယ်ကောင်းတဲ့ ကဗျာတွေ အခုလို ရေးနေနိုင်တာ ချီးကျူးတယ်ဗျာ ၊
''တကယ်တမ်း
ခုန်ချဖို့ထက် ပြန်ခုန်တက်ဖို့က
ပိုခက်တယ်
ပိုလိုအပ်တယ်'' ဟော့ဒီအပိုဒ်လေး အတော်ကြိုက်တယ်ဗျို့
ကဗျာကောင်းတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေဗျာ ။

mgngal said...

အပိုဒ်တိုင်းကို ကြိုက်သဗျာ ။ ကဗျာရေးရမှာတောင် လက်
တွန့် လာပြီ ။ ကဗျာကောင်းတွေ အမြဲဖတ်ရလို့  ကျေးဇူးပါ ။
လူမွှေးလူတောင်ပြောင်ဖို့လောက်သာ
အားသန်နေတော့တယ် ...။ မှန်လိုက်တာဗျာ ။ စကားလုံး
တွေပြောင်မြောက်တယ် ။ :)

Anonymous said...

ကိုအိုင်က တပုဒ်ဆိုတပုဒ် ကောင်းတယ်ဗျာ။
ကြိုက်တာတွေ အားလုံး အခြားသူတွေ comment ပြီးလို့ ထပ်မရေးတော့ဘူးဗျာ။

Moe Myint Tane said...

ခုန်ခဘို့ထက် ပြန်တက်ဘို့ ပိုခက်တယ်....

ဒီကဗျာကိုကြိုက်တယ်။ ကဗျာထဲမှာ မှတ်သားစရာတွေ အများကြီးပါတယ်။ ချီးစ်ယား ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Eaindra said...

စွန့်လွှတ်ခြင်းတွေထည့်
စတေးခြင်းတွေထည့်
ကရားရေလွှတ်သလို
တတွတ်တွတ်ပြောခဲ့ကြတဲ့
ပုံပြောရာသီတွေဟာ
ပုံပြင်တစ်ပုဒ်လိုပဲ
ပြောကောင်းရုံလောက်သာကျန်ရစ်ခဲ့
မျက်မှောက်ကာလမှာ
အဆိပ်ကိုကျွမ်းကျင်နိုင်နင်းသူတွေများလာရဲ့

သိပ်ကောင်းတယ်....
အဆိပ်ကို..ကျွမ်းကျင်သူတွေများလာသလို..အဆိပ်မိတဲ့လူတွေလည်းများတာပေါ့....

ကဗျာအဟောင်းတွေပါ..လျောက်ဖတ်သွားတယ်နော်..
တံခါးလေးတွန်းဖွင့်ပြီးဝင်သွားသလို..လာလည်ရလွယ်ကူအောင်
link ပါလုပ်လိုက်တယ်..။

အိန္ဒြာ