ညရဲ့နရီသည် သူ၏သာယာရာသာယာကြောင်း ရှာဖွေနေသည်……….
ကျွန်တော်တို့မြို့ကလေးတိတ်ဆိတ်နေသည်မှာ
သစ်ရွက်လှုပ်ခတ်သံများပင်အတိုင်းသားကြားရလျှက်………….
မှုန်ရီဝိုးတဝါးတွင် “အေးချမ်း” ၏မျက်နှာကို ကျွန်တော်စိုက်ကြည့်နေမိသည်………
“အေးချမ်း”၏မျက်နှာမှာ သူ၏နာမည်နှင့်လိုက်အောင်ပင် တိမ်ကင်းစင်သောလနှယ်
ပကတိ ရှင်းလင်းတည်ငြိမ်စွာ……………
“မင်းဘာလို့ “မျက်သွယ်” ရဲ့ နှလုံးသားကိုမမြင်ချင်ယောင်ဆောင်နေခဲ့တာလဲ”……..
ကျွန်တော်အေးချမ်း”ကိုလှမ်းမေးလိုက်မိသည်…………..
“ကြယ်တွေစုံတယ်ကွ”……“အေးချမ်း” ကပြန်ပြောသည်………..
“ဒီကြယ်တွေကို မင်းရဲ့ရင်ဘတ်ထဲကို သိပ်ထည့်လိုက်ရင် မင်းတစ်ကိုယ်လုံး
လင်းလက်သွားမယ်လို့ မင်းထင်လား”…………..
ကျွန်တော် “အေးချမ်း” ၏မေးခွန်းကိုမဖြေမိပါ…………ပြုံးသည်ဆိုရုံလေးသာပြုံးပြလိုက်သည်……….
“ဘယ်အရာပဲဖြစ်ဖြစ် သူ့ရဲ့နေရာလိုက်တန်ဖိုးကို ငါမြတ်နိုးတယ်ကွ” “အေးချမ်း”ကစကားဆက်သည်…..
“တကယ်တမ်း ငါ့ရင်ထဲကို ကြယ်တွေထည့်လိုက်လို့ ငါ့တစ်ကိုယ်လုံး လင်းသွားမယ်ဆိုရင်တောင်
ကြယ်ကို ကြယ်အတိုင်းပဲ ကောင်းကင်မှာရှိနေစေချင်တယ်”……….
“ငါ့ရင်ခွင်ရဲ့ ပယောဂကြောင့် မတော်တဆ ဆိုတဲ့အနေနဲ့တောင် ကြယ်တွေကို
မမှောင်စေချင်ဘူးကွာ”………..“အေးချမ်း” ၏စကားအဆုံးမှာကျွန်တော် ထပ်မေးဖြစ်သည်………..
“အဲဒီကြယ်က မင်းရင်ခွင်ထဲရောက်မှ လင်းနိုင်မှာဆိုရင်ကော”…………
“အေးချမ်း” ကပြန်ပြောသည်…………..
“ကောက်ရိုးမီးကို မင်းဘယ်လိုမြင်လဲ…. ခဏတာ လေးနဲ့ ပိုင်းဖြတ်လိုက်ရင်တော့
တော်တော်လေးကိုလင်းမယ် တောက်မယ်……ငါ့ရင်ကိုပုံပြီး အဲဒီကြယ် လင်းနိုင်လည်း ခဏပေါ့ကွာ…..
ကြာလာတော့လည်း ဘာမှမပြည့်စုံတဲ့ ငါ့ရင်ထဲမှာ လင်းရတာကို ဒီကြယ်က ငြီးငွေ့သွားလိမ့်မယ်……
သူနားမလည်တဲ့ ငါ့ရင်ထဲကကဗျာတွေနဲ့ ဒီကြယ်က ဘယ်လောက်များ ပျော်နိုင်မှာမို့လို့လဲကွာ”….
“အေးချမ်း” ၏ခံယူချက်တစ်ခု အပေါ်တွင် ရဲရင့်သောစိတ်ကို ပေါင်းလာသည့်သက်သမ်းတစ်လျှောက်
ကျွန်တော် တစ်ခါမှ မနိုင်ဖူးပါ……မည်သည့်အရာမှလည်း နိုင်အောင်ချိုးနှိမ်နိုင်မည် မဟုတ်ကြောင်းကိုလဲ
ကျွန်တော်ကောင်းကောင်းသိသည်………“အေးချမ်း” ဖန်တီးသော
ကဗျာတော်တော်များများ အား စစ်စစ်ပေါက်ပေါက် စဉ်းစားကာဖတ်သူ လက်ချိုးရေ၍ရသည်…..
လက်ချိုးရေ၍ ရသူများတွင် ကျွန်တော်ထိပ်ဆုံးကပါသည်……
ကျွန်တော် အကြိုက်ဆုံး ကဗျာတော်တော်များများကား“အေးချမ်း”၏ကဗျာများ…………
တစ်ခါက ကျွန်တော် “အေးချမ်း”ကိုပြောဖူးသည်……….
မင်းကဗျာတွေက ငါ့ကဗျာတွေထက် ပိုကောင်းတယ်ကွာဟု……“အေးချမ်း” ကပြန်ပြောလိုက်သည့်
စကားအား ကျွန်တော် တစ်သက်မမေ့………..“ရင်ထဲကလာတဲ့အနုပညာမှာ ဘယ်သူကမှဘယ်သူ့ထက်
ပိုကောင်းတယ်လို့မရှိဘူးကွ…….ကိုယ်ပြချင်တာကိုပြတယ်…လိုချင်တဲ့သူယူသွားတယ်……..
မလိုချင်တဲ့သူမယူဘူး…..မနေနိုင်မထိုင်နိုင်တဲ့သူက ဆဲသွားတယ်ကွာ…..ဘာဖြစ်လဲ….မင်းလုပ်
ချင်တဲ့ မင်းပြချင်တဲ့ အနုပညာတစ်ခုအတွက် မင်းလမ်းမင်းသွားဖို့ပဲလိုတယ်……..မင်းယုံကြည်ချက်
မင်းရဲရင့်နေဖို့ပဲလိုတယ်……လူကြိုက်များလာရုံ သက်သက်နဲ့တော့ အနုပညာကို
အရောင်မပြောင်းနဲ့……ပြီးတော့ ရင်ထဲကလာတဲ့ပုံစံမျိုးစုံနဲ့ အနုပညာတွေ ကို နှိုင်းယှဉ်မှုတွေနဲ့
ခံစားနေစရာမလိုပါဘူးကွာ”တဲ့…..ထိုစကားအား ယ္ခုတိုင် ကျွန်တော့်အသည်းထဲ စွဲနေသည်……..
သူဘာကြောင့် “မျက်သွယ်” ကို ဖွင့်ဟခြင်းမပြုကြောင်းကို ဆက်လက်မမေးဖြစ်တော့ပါ……..
ကျွန်တော် ခေါင်းစဉ်ပြောင်းလိုက်သည်…….မင်းနဲ့တကယ်တမ်းအကြာကြီးခွဲရတော့မယ်ဆိုတော့
ငါစိတ်မကောင်းဖြစ်မိတယ်ကွ……..အထူးသဖြင့် မင်းကဗျာတွေနဲ့…….
ကျွန်တော့်အသံ တိမ်ဝင်သွားသည်…………“အေးချမ်း” က တည်ငြိမ်စွာပြုံးပြရင်း
“တွေ့ဆုံတယ် ခွဲခွာတယ်ဆိုတာက စိတ်ပေါ်မှာပဲ မူတည်တယ်ကွ……ခန္ဓာချင်းဝေးနေပေမယ့်လည်း
စိတ်ချင်း နီးနေလို့ရပါတယ်ကွာ……ငါဘယ်ကိုရောက်နေနေ မင်းရယ်ငါရယ်ဟာ ကောင်းကင်ရဲ့
တစ်မိုးအောက်ထဲမှာ ပဲ အတူတူရှိနေကြတယ်လေ…..မင်းနဲ့ငါနဲ့ဟာ သူငယ်ချင်းဆိုတဲ့
နာမည်နဲ့ ရင်ထဲမှာအပြန်အလှန် နေရာပေးခဲ့ကြပြီးပြီပဲလေ……..မင်းဟာငါနဲ့ ဘယ်တော့ဖြစ်ဖြစ်
အမြဲတမ်းနီးနေမှာပါ”……..ကျွန်တော် သူ့မျက်နှာကိုစူးစိုက်ကြည့်ကာပြောလိုက်သည်…………
“ငါနောက်ဆုံးမေးချင်တာက မင်းဘာလို့ ဒီလိုလုပ်လိုက်ရတာလဲ”………….
မဖြေဘူးဟုထင်မှတ်ထားသောမေးခွန်းအား “အေးချမ်း”က ပေါ့ပါးစွာပင် ပြန်ဖြေသည်………………………
“လောလောဆယ်တော့ငါလဲ လောဘ ဒေါသ မောဟတွေဖုံးနေတဲ့လူထဲကလူတစ်ယောက်ပဲ…….
စိတ်ဆိုတာထိန်းရခက်တယ်ကွ………တစ်ခဏတာယုံကြည်ချက်လေးအပေါ်
တိမ်းညွတ်မိသွားရင် အမှောင်တွေအားလုံးဖုံးသွားတတ်တယ်…..
ငါဒါကိုလုပ်လိုက်လို့ တစ်ချို့တစ်ချို့သောအရာတွေ ငြိမ်းချမ်းသွားမယ်လို့ ခံယူလိုက်ရင်
ငါ့ယုံကြည်ချက်ကိုငါ အသက်သွင်းလိုက်မှာပဲလေ…..မှားတယ် မှန်တယ် ဆိုတာ ဖြစ်ပြိးသွား
တဲ့ အရာတစ်ခုအတွက် မလိုအပ်တာတွေပါကွာ…….ဒါပေမယ့်တစ်ခုတော့ရှိတယ်……..
ယုံကြည်ခဲ့တုန်းက အပြုံးမပျက်ခဲ့ဘူးဆိုရင် ယုံကြည်ချက်ရဲ့ အကျိုးဆက်တွေကိုလည်း
အပြုံးမပျက်ဖို့ လိုတယ်……စိတ်ဆိုတာကို ထိန်းနိုင်တဲ့နေ့ကျရင် ဘာမှမရှိတော့တဲ့ သုည
တစ်လုံးအဖြစ်နဲ့ လူတွေကြားထဲမှာပဲငါနေမယ်……..ကဲ….သွားမယ်ကွာ….
မင်းကို ငါရေးဖြစ်ထားတဲ့ ကဗျာတစ်ပိုဒ်ပေးခဲ့မယ်”…………
စာရွက်ခေါက်လေးကိုကျွန်တော့်လက်ထဲ ထိုးထည့်ကာ သူတစ်ရွေ့ရွေ့ထွက်ခွာ ပျောက်ကွယ်သွား
သည်အထိ ကျောက်ရုပ်တစ်ရုပ်လို ကျွန်တော်ရပ်နေမိသည်………….ပြင်ပမှအမှောင်ထက်
ကျွန်တော့်ရင်ထဲမှအမှောင်မှာ ပိုနက်လှပါသည်……………
နောက်တစ်နေ့မနက်တွင် ကျွန်တော်တို့မြို့လေးတွင် လူပြောများသောသတင်းတစ်ခု
ထွက်လာပါသည်………..ထိုသတင်းမှာ မြို့လေးတွင် မကောင်းမှုလုပ်ငန်းများစွာအား
နောက်ကွယ်မှ ကြိုးကိုင်ကာ အာဏာပိုင်များနှင့်လွန်စွာမှ ရင်းနှီးကျွမ်းဝင်သော
တစ်မြို့လုံးဖိန့်ဖိန့်တုန်အောင် ကြောက်ရသော ဦးဘိုးခေါင် ဟုခေါ်သည့် မြို့လေး၏
အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးအသတ်ခံရကြောင်း သတ်သူမှာ သူ့အိမ်တွင်လုံးဝမနေပဲ
မြို့စွန်တွင်တဲထိုး၍ နေသော သူ၏ မယားပါသားဖြစ်သူ “အေးချမ်း”ဟုခေါ်သည့်
ကဗျာဆရာတစ်ယောက်ဖြစ်ကြောင်း……..“အေးချမ်း”ကိုယ်တိုင်မှာလည်း ရဲစခန်းသို့လာရောက်၍
အဖမ်းခံ ထွက်ဆိုချက်ပေးသွားကြောင်း သတင်းမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလျှက်ရှိသည်…
ကျွန်တော့်လက်ထဲတွင် ညက “အေးချမ်း” ပေးသွားတော့ ကဗျာစာရွက် အပိုဒ်လေးအား ဆုပ်ကိုင်
ထားလျှက်ရှိဆဲပင်………………..
“ဘဝ”
ခဏတာလေးပါပဲ
ဒါကိုပဲ
မက်မက်မောမောနဲ့
ဖက်တွယ်ထားလိုက်ကြတယ်……………။။။
အေးချမ်း
ကျွန်တော်မျက်လုံးများကိုမှိတ်လိုက်သည်…………….
မျက်ရည် တစ်ပေါက်စာရွက်ပေါ်သို့ကြွေကျသွားသည်…………..
ကျွန်တော်အရမ်းချစ်သော “အေးချမ်း”ကိုချစ်သော “မျက်သွယ်” ဟုခေါ်သော
ကောင်မလေးတစ်ယောက်လည်း ငိုနေပေလိမ့်မည်…………………..။။။
အိုင်လွယ်ပန်

6 comments:
ကောင်းလိုက်တာဗျာ ဖတ်ရတာ ရင်ထဲထိရောက်တယ်
ကိုအေးချမ်းပြောတဲ့စကားလေးတွေ မှတ်ထားလိုက်မိတယ်
မှတ်သားလောက်တဲ့စကားလေးတွေပါ
ကိုအေးချမ်းရဲ့လုပ်ရပ်ကော စိတ်ဓါတ်ပါလေးစားတယ်ဗျို့ ။
ဖတ်ပြီး တစ်မျိုးလေး
ဝမ်းနည်းသွားသလိုလေး
တကယ်ဖြစ်ရပ်မှန်လား
ဝတ္ထုလား
ဘာပဲဖြစ်ဖြစ် ဖတ်ရတာ ရင်နင့်တယ်။
"ယုံကြည်ခဲ့တုန်းက အပြုံးမပျက်ခဲ့ဘူးဆိုရင် ယုံကြည်ချက်ရဲ့ အကျိုးဆက်တွေကိုလည်း
အပြုံးမပျက်ဖို့ လိုတယ်"
အဲ့စကားလေးကို တအားကြိုက်တယ်။
အပေါ်က Chaos နဲ့ အကြိုက်တူ၏။
ကိုအိုင်လွယ်ပန် ရင်ထဲကို နင့်သွားတာဘဲ။ အရမ်းဖတ်လို့ကောင်းတယ်ဗျာ။ သုံးသွားတဲ့ စကားလုံးတွေကလည်း တန်ဘိုးရှိတဲ့ စကားလုံးတွေ ချည်းဘဲ။ ကိုအိုင်လွယ်ပန် ဒီလိုရေးတာ ဒါပထမဆုံးအကြိမ် ဖတ်ဘူးခြင်းဘဲ။ ရင်ကိုထိချက်ပြင်းလွန်းတယ်ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဟိုက် ဒါကရေးသားပုံ အသစ်ပဲ ။ ကြိုက်သွားပြီဗျာ ။
စကားလူုံးတွေကလည်း အဓိပ္ပါယ်တွေ ပြည့်နှက်နေတယ် ။
အတွေးအခေါ် ၊ပုံဖော်ပုံတွေ ကောင်းတယ် ။ ဆက်ရေးပါဦး။
အားပေးနေပါတယ် ။ :)
Post a Comment